မတ်လ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကြီးရွာက အိမ်ခြေ ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ပြီး စိတ်မမှန်သော အမျိုးသားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။
မတ်လ ၂၃ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး စုစုပေါင်း အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ ရွာထဲကို ရမ်းသမ်းပစ်ခတ်ဝင်လာပြီး ရွာထဲက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“ညောင်ဇင်ကြီးရွာက ဒါပထမဆုံးမီးရှို့ခံရတာဗျ။ သူတို့က ဝင်တိုင်းအကြမ်းဖက်ပစ်ခတ်တာပါဘဲ။ ညောင်ဇင်ကြီးရွာမှာက အိမ်ခြေ ၃၀၀ နီးပါးရှိတယ်။ အိမ်ခြေ ၃၀ ကျော်ကို မီးရှို့သွားတာ” လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အဲ့ဒီရွာက စိတ်မူမမှန်တဲ့ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ကိုမျိုးမင်းဦး(ခ) ကိုထွန်းမင်းဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး ရွာကကျောင်းထိုင်ဘုန်းကြီးတစ်ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ဘုန်းကြီးက သက်တော် ၆၀ ရှိပြီ။ ဘုန်းကြီးကိုတော့ ဘာမှမလုပ်လောက်ဘူးထင်ပြီး ထွက်မပြေး ဘဲနေခဲ့တာ။ စိတ်မမှန်တဲ့ကလေးကိုလည်း တောထဲရှောင်ဖို့ခေါ်တာခေါ်လိုမရဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါ
အဆိုပါစစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် တစ်အိမ်တက်တစ်အိမ်ဆင်း မွှေနောက်ရှာဖွေခိုးယူပြီး ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေအထိုင်ချထားတဲ့ ညောင်ဇင်လေးရွာကို ပြန်လည်တပ်ခေါက်သွားတယ်လို့သိရပါတယ်။
အဲ့ဒီစစ်ကြောင်းကြောင့် ဆူးပုတ်ကုန်း၊ ဘိုကုန်း၊ ဘိုတဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်နှင့် သရက်ခေါင်းရွာတွေမှ ပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း-နော်အယ်နီး
ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့