မတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ ကပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး ကော့ကရိတ်မြောက်ဘက်မှာရှိတဲ့ ကြောင်လျှာကုန်း ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ကော့ကရိတ်မြို့အနီးတစ်ဝိုက်က ကျေးရွာတွေဘက် ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာအတွင်းက အသက် ၉ နှစ်အရွယ် နော်တကြိုဖော၊ အသက် ၅၀ အရွယ် နော်ဖောဘော၊ အသက် ၁၈ နှစ်အရွယ် စောမင်းထိုက်နဲ့ အသက် ၅၀ အရွယ် ဦးထွန်းကြိုင်တိုဖြစ်ပြီး နောဖောဘောမှာ ကျောဘက်ကိုလက်နက်ကြီးစထိမှန်ခဲ့ပါတယ်။ လက်နက်ကြီးစထိမှန်သူတွေကို ဘားအံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတိုပစ်တဲ့ လက်နက်ကြီးက အိမ်ပါတုန်တယ်၊ မိန်းကလေးတစ်ယောက်ကတော့ ကျောဘက်ကို လက်နက်ကြီးစထိပြီးသွေးတွေအများကြီးထွက်တာ၊ ပထမတော့ ကော့ကရိတ်ဆေးရုံကိုပဲပို့တယ်၊ နောက်တော့ ၄ ယောက်လုံးကို ဘားအံဆေးရုံကြီးကိုပို့လိုက်ပြီး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ နဲ့ လှိုင်ဝအမြှောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါးပစ်ခတ်နေပြီး စစ်ကောင်စီတပ်က ပြုလုပ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေချိန်မှာ လက်နက်ကြီးပစ်ခတ်တာကိုရပ်နားထားကာ စာမေးပွဲဖြေပြီးတဲ့ နောက်ပိုင်းမှာတော့ အခုလို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေကို ပြန်လည်ပြုလုပ်နေကြ တာလည်းဖြစ်ပါတယ်။
အခုလို ကော့ကရိတ်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတွေကြောက်ရွံထိပ်လန့်နေကြသော်လည်း ကရင်ပြည်နယ် ဘားအံမြို့မှာတော့ စစ်ကောင်စီတပ်ကဦးဆောင်ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲပြုလုပ်ဖို့ မဏ္ဏပ်ဆောက်လုပ် ပြင်ဆင်နေတာတွေလည်းရှိပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ -CJ