မတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီ၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကမြကန်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ကျေးရွာ အတွင်းက အဘိုးအို ၁ ဦး လဲ ရိုက်နှက်သတ်ဖြတ်ခံလိုက်ရပါတယ်။
မတ်လ ၂၃ ရက်နေ့မှာ ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်အပါအဝင် ရွာသစ်ကုန်းကျေးရွာက ပျူစောထီးအင်အား ၄၀ ခန့်ဟာ ကျေးရွာအတွင်းကို သေနတ်ပစ်ဖောက်ဝင်ရောက်ကာ အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ကို သတ်ဖြတ်သွားတာလဲ ဖြစ်ပါတယ်။
“သတ်ခံရတဲ့အဘိုးက ရွာထဲမှာကျန်ခဲ့တာ။ ဦးညိုတင်မှာ သေနတ်ဒင်နဲ့ ရိုက်ထုထားတာ စစ်ဖိနပ်ရာတွေတွေ့ရတယ်။ ရွာသားတွေထွက်ပြေးတဲ့အချိန်မှာလဲ ရေဦးတိုင်းရင်းဆေးရုံကနေ လက်နက်ကြီးနဲ့လှမ်းထုတယ်။ တစ်ယောက်မှ တော့မထိဘူး” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မြကန်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး အခုလိုစစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ပထမအကြိမ်မှာ နေအိမ် ၄ လုံး၊ ဒုတိယအကြိမ်မှာ ၁ လုံး၊ တတိယအကြိမ်မှာ ၁ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်းစီတပ်က အခုလို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ခင်းဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ယခုချိန်ထိ ကျေးရွာပေါင်း ၆၈ ရွာက နေအိမ်ပေါင်း ၄၁၇၆ လုံးတိတိ မီးရှို့ခံခဲ့ရတာလဲဖြစ်ပါတယ်။
သတင်း- နော်ဖူးဖူး
ဓါတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး