
မတ်လ ၂၃ ရက် ၂၀၂၃ ခုနှစ်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီပလက်ဝလမ်းပိုင်း တွီးရှစ်ရွာအထွက်မှာ ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ CDF-Matupi တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၆ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Matupi အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့ မနက် ၆ နာရီ ၅၀ မိနစ်လောက်မှာ မတူပီ-ပလက်ဝလမ်းပိုင်း မိုင်တိုင် ၁၂ တွီးရှစ်ရွာအထွက် သင်္ချိုင်းကုန်းနဲ့bပန်းတွီးလမ်းခွဲမှာ CDF-Matupi တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှု ၁ နာရီကျော်ဖြစ်ပွားခဲ့ပါတယ်။ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး နေ့လည် ၂ နာရီလောက်မှာ မတူပီတပ်စခန်းကနေ စစ်ကူ ၃၀ လောက်ထပ်မံရောက်လာခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်ကိုတိုက်ခိုက်တာ ၃ ရက်ရှိနေပြီး။လေယာဉ်လည်းလာတယ်။ လေယာဉ်နဲ့ပစ်တာတော့မရှိပေမဲ့ ဒဏ်ရာရသူတွေကို လေယာဉ်နဲ့လာသယ်ကြတယ်”လို့ Chinland Defense Force-Matupi ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
မတ်လ ၂၃ ရက်နေ့ ဒီနေ့မှာလည်း မတူပီမြို့နယ် ခလရ ၁၄၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ကျေးရွာ ၅ ရွာကဒေသခံပြည်သူ ၁၀၀၀ နီးပါး ထွက်ပြေးရှောင်နေရတယ်လို့သိရပါတယ်။
“တိုက်ပွဲအခြေအနေက ပြင်းထန်နေတော့ ဒီနေ့လည်းတိုက်ပွဲရှိနိုင်မယ်။ ရန်သူဘက်ကလက်နက်ကြီးနဲ့ရမ်းပစ်နေတော့ တွီးရှစ်၊ ဝလံပီး၊ ကလား၊ ဝလံတဲ၊ လေဆင်းရွာတွေက ရွာသားတွေ စစ်ရှောင်နေရတယ်”လို့ သူကဆက်ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှခုခံကာကွယ်နိုင်တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ရှေ့ဆက်မတိုးနိုင်ဘဲ တွီရှစ်ရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ၂၀ ၊ ၂၁ ရက် နေ့တွေမှာလည်း အဲ့ဒီစစ်ကောင်စီတပ်ယာဉ်တန်း ၃ ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း- နော်အယ်နီး
ဓာတ်ပုံ- Chinland Defense Force-Matupi
