မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းပိုင်းမှာ စစ်ကောင်စီတပ် ရိက္ခာပိုယာဉ်တန်းကို Chinland Defence Force-Matup က ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတူမြို့အခြေစိုက် ခလရ ၃၀၄ တပ်မှ တယ်ဘွေးစခန်းကို ရိက္ခာပိုဖို့လာတဲ့ အင်အား ၈၀ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်စစ်ကား ၃ စီးကို နံနက် ၁၀ နာရီဝန်းကျင်မှာ မတူပီ-ပလက်ဝလမ်းမပေါ် ၇ မိုင်မှာ တစ်ကြိမ်၊ နေ့လည် ၁ နာရီလောက်မှာ ၉ မိုင်မှာ တစ်ကြိမ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်မှာ ၁၂ မိုင်(တွီးရှစ်) ရွာအဝင်မှာတစ်ကြိမ် စုစုပေါင်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chinland Defence Force-Matupi ကပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေက ၉ မိုင်မှာ ညအိပ်တယ်။ နောက်နေ့ မနက် ၁၂ မိုင် တွီးရှစ်ရွာအဝင်မှာ ပြန်လည်ထိတွေ့မှုရှိတယ်”လို့ သူကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၁၂ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာရရှိသူအရေအတွက်ကိုတော့ အတိအကျမသိရဘူးလို့ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ဒဏ်ရာရတဲ့သူမရှိဘဲ အန္တရာယ်ကင်းကင်း ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။
“၇ မိုင် မှာက ၃ ဦး၊ ၉ မိုင်မှာက ၅ ဦး၊ ၁၂ မိုင် (တွီရှစ်ရွာ) မှာက ၄ ဦး ဗျ။ သူတို့ အလောင်းကောက်တာတွေ ကျွန်တော်တို့အကုန်မြင်နေရတယ်”လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း မတူပီ-ဟားခါးလမ်းရှိ ခလရ ၁၄၀ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ကြပြီး မတူပီ-ပလက်ဝလမ်းမှာရှိတဲ့ ဝလံပီကျေးရွာအနီးကို ကျခဲ့ပေမယ့် ပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
၂၀၂၃ ခုနစ် ဇန်နဝါရီလတုန်းကလည်း မတူပီမြို့နယ် ငလိုင်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁ ဦး ကျဆုံးခဲ့ပါသေးတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – Chinland Defence Force-Matupi