မတ်လ ၂၃ ရက် ၂၀၂၃ ခုနှစ်
မြန်မာတစ်နိုင်ငံလုံးနီးပါးကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးနယ်မြေ (Martial Law) ထုတ်ပြန်ထား ပေမဲ့လည်း ကရင်ပြည်နယ်အတွင်းမှာ ကော့ကရိတ်၊ ကြာအင်ဆိပ်ကြီးမြို့နယ် ၂ ခုသာ Martial Law နယ်မြေသတ်မှတ်ထားအတွက်ကြောင့် ဘားအံမြို့ထဲမှာတော့ KTV နဲ့ Bar အများအပြား ၁၀ ခုကျော်ထပ်တိုးလာတာကြောင့် ဘားအံမြို့မှာရှိတဲ့ ဒေသခံတွေက ဆိုးဝါးတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
စစ်အာဏာမသိမ်းခင်က ဘားအံမြို့ပေါ်မှာ ပျော်ပွဲစားရုံအနည်းငယ်သာရှိခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ KTV နဲ့ Bar တွေ ၁၀ ခုကျော်ရှိလာပြီး ဘားအံမြို့က လူငယ်တွေဟာ ညတိုင်းနီးပါးသွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက KTV က ၅ ခု၊ Bar က ၁၀ ခု၊ Bar ဆိုတာက သီချင်းဆိုတာ၊ သီချင်းဆိုဖျော်ဖြေတာမျိုးဘဲ ၊ KTV ကတော့အသစ်မပေါ်ဘူး၊ Bar တွေဘဲ အသစ်ပေါ်တာ၊ ညဘက်သွားလာရင်တော့ ယာဉ်မောင်းလိုင်စင် ပိုစစ်တယ်၊ ကျန်တာတွေတော့မစစ်ဘူး၊ သွားနေကြတာဘဲ လူငယ်တွေကတော့” လို့ ဘားအံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယခင်က KTV နဲ့ Bar တွေကို ညပိုင်းအချိန်တွေသာ ဖွင့်ကြပေမဲ့ လက်ရှိမှာတော့ နေ့ရော ညပါ ၂၄ နာရီလုံး ဖွင့်ထားပြီး ဆိုင်တွေဘက်ကလည်း လူလာများအောင် နာမည်ကြီးတဲ့သူတွေကိုဖိတ်ခေါ်ပြီး သီချင်းဆိုတာတွေ၊ Promotion ချပြီး အရက်သေစာရောင်းချတာတွေကိုပြုလုပ်နေပြီး အဆိုပါဆိုင်တွေကို စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သူတွေက ဖွင့်ထားတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာ စစ်တက်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များနေတဲ့ နေရာဒေသတွေမှာ တိုက်ပွဲတွေ နေတိုင်းနီးပါးဖြစ်ပွားနေကြသော်လည်း မြို့ပြနေရာတွေမှာတော့ ပျော်ပွဲရွှင်ပွဲ၊ လောင်းကစားဝိုင်း (အာဝါဒေး)နဲ့ KTV , Bar တွေ နေ့စဉ်နဲ့အမျှ ဖွင့်လှစ်နေတယ်လို့ မြို့ပြနေဒေသခံများက ပြောပါတယ်။
ဒါ့အပြင် မော်လမြိုင်မြို့မှာလည်း ညဘက်အပြင်ထွက်သူတွေကို KTV တွေ၊ Club တွေကနေပြန်လာတယ်လို့ ပြောရင် စစ်ဆေးခြင်းမရှိဘဲ လွတ်ပေးတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ