မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ ထံမှသိရပါတယ်။
မတ်လ ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခြေလျင်နဲ့ စစ်ကြောင်းထိုးလာပြီ ပုလောမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ မင်းထိန်ကျေးရွာနဲ့ ပဝတ်ဖျားကျေးရွာကြားအရောက်မှာ အဆိုပါစစ်ကြောင်းကို လက်လုပ်မိုင်း ၅ လုံး၊ တိုက်မိုင်း ၁ လုံး စုစုပေါင်း မိုင်း ၆ လုံး ဆွဲခဲ့တယ်လို့သိရပါတယ်။ မိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခက်ခဲ့တာကြောင့် ထိတွေ့ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၃ ဦး သေဆုံးသွားတယ်လို့ တောကြီးမြွေဟောက်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။
“ပထမအကြိမ်ထိတွေ့တိုက်ပွဲက မနက် ၁၀ နာရီခွဲ လောက်မှာဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှု ၂၅ မိနစ် ကြာသွားတယ်။ နာရီဝက်ကြာလောက်မှာ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ လောက် ထပ်ဖြစ်တယ်။ မိုင်းဆွဲတိုက်ခိုက်တာရော အပြန်အလှန်ပစ်ခတ်မှုမှာရော စကစ ဘက်က သေဆုံးသွား ကြတာ” လို့ ပြောပါတယ်။
အဆိုပါထိတွေ့ပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦး ကျည်ရှပ်ထိမှန် သွားတယ်လို့ လည်းဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို တောကြီး မြွေဟောက်အဖွဲ့၊ KNDO၊ PDF တပ်ခွဲ ၃၊ KNDF တပ်ဖွဲ့၊ နဂါးမင်းတပ်ဖွဲ့၊ ကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
မတ်လ ၁၃ ရက်နေ့ကလည်း တောကြီးမြွေဟောပ်တပ်ဖွဲ့ဟာ ပုလောမြို့နယ်ထဲက မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
သတင်း – နော်အယ်နီး
ဓာတ်ပုံ – တောကြီးမြွေဟောက်အဖွဲ့