မတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်က Myingyan Black Tiger (MBT)ရဲ့ စခန်းအမှတ် ၂ ကို ဒလန်သတင်းပေးခဲ့လို့ စခန်းသိမ်းခံလိုက်ရပြီး လက်နက်တချို့ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၁ ရက်နေ့ ၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်မှာ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ MBTတပ်ဖွဲ့ရဲ့ ရေစကြိုမြို့ ပေါ်က လျှို့ ဝှက်တပ်စခန်းအမှတ် ၂ နေရာကို အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပေမဲ့ လက်နက်ချို့ ဆုံးရှုံးခဲ့ရတာကြောင့် ရရာလက်နက်သာယူပြီး စခန်းစွန့်ခွာခဲ့ရတယ်လို့ MBT မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ခွေးဘီလူးစစ်ကြောင်းနဲ့ အထိုင်စခန်းမှာ စစ်ရေးတင်းမာနေတဲ့ အချိန်မှာ မြို့ပေါ်မှာရှိတဲ့စခန်းနံပါတ်၂ကို ဒလန်ပါလာပြီး အတိအကျသတင်ပေးလို့ အဝိုင်းခံလိုက်ရပြီး လက်နက်တွေလဲဆုံးရှုံးခဲ့တယ်။ ဘယ်တပ်ကလဲဆိုတာကိုတော့ အတိအကျမသိရဘူး မြို့ပေါ်မှာက ရုံးပေါင်းစုံရှိတယ် အဲ့တာကြောင့် ဘယ်တပ်မကလဲဆိုတာကိုမသိရဘူး” လို့ သူကပြောပါတယ်။
MBTတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာမျိုးမရှိခဲ့ပေမဲ့ စခန်းမှလက်လုပ်ပခုံးထမ်းလောင်ချာ ၂ လက်၊ လက်လုပ် RPG ၁ လက်နဲ့ ခဲယမ်းတွေဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလဲ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ Myingyan Black Tiger (MBT) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်ရဲ့ ဘီးလူးကွန်မန်ဒို စစ်ကြောင်းဘက်က ဝင်တိုက်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲဘော် ၂ ဦး ဒဏ်ရာရကာ စခန်းသိမ်းခံလိုက်ရပေမဲ့ မတ်လ ၁၉ ရက်နေ့မှာ Myingyan Black Tiger (MBT) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြန်တိုက်ယူခဲ့တာကြောင့် စခန်းကို ပြန်လည် ရရှိခဲ့ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Myingyan Black Tiger (MBT)