မတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ညောပြင်ရွာက အိမ်ခြေ ၉၆ လုံးဝန်းကျင်နဲ့ အောက်ကျောက်ဝပ်ရွာက အိမ်ခြေ အလုံး ၄၀ ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အပြင် အောက်ကျောက်ဝပ်ရွာက ရွာသားတစ်ဦးကိုလည်း ပစ်သတ်သွားတယ်လို့ သိရပါတယ်။
မတ်လ ၂၁ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကုန်းလမ်းရော ရေလမ်းကပါ ဝင်ရောက်လာပြီး ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်သားတွေကကုန်းလမ်းကနေရောက်လာပြီးစစ်ဆေးနေတုန်း ရေလမ်းကနေဝင်လာပြီး နေအိမ်တွေကို မီးရှို့သွားတယ်။ မီးရှိခံနေရတာ ၂ ကြိမ်ရှိနေပြီး”လို့ ညောင်းပြင်ရွာနဲ့နီးစပ်သူကပြောပါတယ်။
အောက်ကျောက်ဝပ်ရွာမှာ မီးဝင်ရှို့နေတဲ့အချိန် အသက် ၂၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသား တစ်ဦးကိုလည်း ဦးခေါင်းကိုကြေမွအောင် ပစ်သတ်သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားပေမဲ့ လက်ရှိအချိန်ထိ ကျောက်နီမော် ရွာဘက်မှာ ရှိနေသေးတယ်လို့သိရပါတယ်။
အဲ့ဒီမီးရှို့ဖျက်ဆီးမှုကြောင့်ဒေသခံတွေ တစ်ရွာလုံးနီးပါး ကုန်းလမ်းရော ရေလမ်းကနေပါ ထွက်ပြေး တိမ်းရှောင်နေရပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
မတ်လ ၄ ရက်နေ့ကလည်း အောက်ကျောက်ဝပ်ရွာကို စစ်ကောင်စီတပ်တွေရောက်လာပြီး နေအိမ် ၄ လုံး ကို မီးရှိခဲ့တဲ့အပြင် ရွာသား ၆ ဦး ကိုလည်း ပစ်သတ်ခဲ့ပါသေးတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ