မတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်က စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာလူကြီးတွေဟာ နှစ်စဉ် ဆောက်လုပ်နေကျနေရာမှာ ဗဟိုမဏ္ဏပ်ကို မဆောက်တော့ပဲ ကမ်းနားညစျေးရှေ့က ဘောလုံးကွင်းမှာ မတ်လ ၁၉ ရက်နေ့က ပြန်လည်ဆောက်လုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နှစ်စဉ်နှစ်တိုင်း ဗဟိုမဏ္ဏပ်ကို ကမ်းနားလမ်းစုံမှာ ဆောက်လုပ်လေ့ရှိပေမဲ့လည်း ဒီနှစ်မှာတော့ ဗဟိုမဏ္ဏပ်ကို အခြားတနေရာမှာ ပြန်လည်ဆောက်လုပ်ခဲ့ပါတယ်။ အဆိုပါ ပြောင်းလဲဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး ဘားအံမြို့ပေါ်မှာနေထိုင်တဲ့ဒေသခံတွေက အခုလိုပြောပါတယ်။
“ပထမတော့ ကမ်းနားလမ်းက Wellcome to Hpa-An ရှေ့မှာဆောက်ထားတာ၊ ဆောက်ထားတာက နည်းနည်းကြီးတယ်၊ နောက်တော့ပြန်ဖျက်လိုက်တယ်၊ ကမ်းနားလမ်းညဈေးရှေ့က ဘောလုံးကွင်းမှာ ပြန်ဆောက်နေတယ်၊ ကတာတွေကတော့ရှိမှာပေါ့၊ ဘယ်လိုလာမလဲတော့မသိသေးဘူး၊ လောလောဆယ်တော့ ဘာမှမကြေညာသေးဘူး၊ သူတို့ဘာသာလုပ်နေကြတာ” လို့ ဆိုပါတယ်။
Covid19 ရောဂါကြောင့် သင်္ကြန်ပွဲတော်ကို ၂၀၁၉ ခုနှစ် နောက်ပိုင်းကစပြီး ပြုလုပ်ကျင်းပခြင်း မရှိတော့ပေ။ ထပ်မံပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် သင်္ကြန်ပွဲတော်ကို ၃ နှစ်တိတိ ကျင်းပခြင်းမရှိခဲ့ပေ။ ၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အဆိုပါသင်္ကြန်ပွဲကို ပြန်လည် ကျင်းပခဲ့ပါတယ်။
စစ်ကောင်စီအာဏာမသိမ်းခင်က ကရင်ပြည်နယ်တဝှမ်းလုံးမှာရှိတဲ့ ကျေးရွာတော်တော်များများဟာ သင်္ကြန်မဏ္ဏပ်များစွာဆောက်လုပ်ပြီး ပျော်ပျော်ပါးပါးဆင်နွဲခဲ့ကြပေမဲ့လည်း အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီအတိုင်းအဝန်းက ပြည်သူတချိုကသာ မဏ္ဏပ်အနည်းငယ် ဆောက်လုပ်ပြီး ရေကစားခဲ့ကြပါတယ်။
သတင်း – ကိုဖြိုး
ပုံစာ – ၂၀၂၂ ခုနှစ် သင်္ကြန်