မတ်လ ၂၂ ရက် ၂၀၂၃ ခုနှစ်
စစ်ကိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ ကျေးရွာတွေအတွက် နေအိမ်ပေါင်း အလုံး ၅၀၀ ကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းမှုကြောင့် ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
အိမ်ခြေအလုံး ၅၀၀ ကို သုံးလကျော်အတွင်း ဆောက်လုပ်ပေးနိုင်ခဲ့ပြီး မီးရှို့ခံရတဲ့ကျေးရွာပေါင်း ၃၀ ကျော်အတွက် အိမ်ခြေ ၁၀၀၀ တည်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ S&C စစ်ဘေးမီးဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“သုံးလကျော်ကျော်လောက်အချိန်ယူပြီးအမြန်ဆုံးဆောက်ခဲ့တာ တစ်နေရာထဲဆောက်တာမဟုတ်ဘူး မြို့နယ်အလိုက်တွေ ခရိုင်အလိုက်တွေ စစ်ကိုင်းတိုင်းအတွင်း ဆောက်ခဲ့ပေးတာ၊ အိမ်တစ်လုံးတော့ နှစ်သိန်းခွဲဝန်းကျင်လောက်ကျပါတယ် အခုလဲမြေပြင်မှာ ဆက်ပြီးဆောက်နေတုန်းပါပဲ”လို့ သူက ပြောပါတယ်။
ဒေသခံတွေနေထိုင်စားသောက်ရေးအတွက် စားနပ်ရိက္ခာတွေနဲ့ ဒေသအတွင်ပြန်လည်ထူထောင်နိုင် ရေး အတွက် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ထူးကြီးကျေးရွာမှာရှိတဲ့ ရက်ကန်းစင်ပေါင်း ရာချီနီးပါးကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရက်ကန်းစင်တွေ ဆုံးရှုံးခဲ့ရပြီး S&C အဖွဲ့အနေနဲ့ အလှူရှင်တွေစုပေါင်းပြီး လစဉ် ရက်ကန်းစင် ၁၀ စင်နှုန်းနဲ့ ပြန်လည်ကူညီ ထောက်ပံ့ပေးနေတာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – S&C