မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး မီးရှို့တဲ့ စောကြီးရွာနဲ့ သနပ်စိန်ကျေးရွာကို ခင်ဦးနယ် ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစုက ဒုတိယအကြိမ်မြောက် ဆန်အပိုင်း (၆၀) လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစုက စောကြီးရွာက အိမ်ထောင်စု ၈၁ စု အတွက် ၁ အိမ်ထောင်ကို ဆန်ခုနစ်ပြည်နှုန်းနဲ့ ဆန်အပိုင်း ၂၃ ပိုင်း၊ သနပ်စိန်ကျေးရွာက အိမ်ထောင်စု ၁၂၀ ကို တစ်အိမ်ထောင် ၇ ပြည်နှုန်းနဲ့ ဆန်အပိုင်း ၃၇ ပိုင်း လှူဒါန်းကာ စုစုပေါင်း ဆန်အိတ်အပိုင်း ၆၀လှူဒါန်းခဲ့ပြီး ကာလတန်ဖိုး သိန်း ၄၀ နီးပါ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းမထိုးရင်တော့ အိမ်ပြန် နေလို့ရတယ် ၊ စစ်ကြောင်းကတော့ နေ့တိုင်းနီးပါး နားစွင့်နေရ တာပေါ့။ မီးရှို့ခံထားရတဲ့အိမ်တွေကတော့ ကိုယ့်ဖာသာ တဲထိုးပြီးနေနေရတယ်။ ဒေသခံအများစုက တောင်သူများဖြစ်တယ်။ တောင်သူလုပ်ဖို့ အဆင်မပြေ ဝင်ငွေကလည်းမရှိတော့ စားဖို့ သောက်ဖို့ ခက်ခဲကြတယ်” လို့ ခင်ဦးနယ် ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီး မီးရှို့တာတွေကို နေ့စဥ်လုပ်ဆောင်နေတာကြောင့် ခင်ဦးမှာ အာဏာသိမ်းပြီးချိန်ကစပြီး ယနေ့ချိန်ထိ ကျေးရွာပေါင်း ၆၆ ရွာက နေအိမ်ပေါင်း ၄၀၀၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ ရက်နေ့တုန်းကလဲ ခင်ဦးနယ်ကမီးဘေးသင့် ကျေးရွာ (၆) ရွာအတွက် Mogok Dhamma Trust အဖွဲ့ဦးဆောင်တဲ့ UK က အမိမြေချစ်မေတ္တာရှင်များမှ ဆန်အိတ် (၁၂၄) ပိုင်း လှူဒါန်း ခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ခင်ဦးနယ် ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု