မတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူငယ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့က ကားနဲ့တိုက်ပြီးဖြိုခွင်းခံရတဲ့အထဲမှာ ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့တဲ့ မမှူးရတနာခက်မိုမိုထွန်းကို မတ်လ (၁၇) ရက်နေ့က အင်းစိန် ပြည်သူ့ဆေးရုံကြီးမှာ ဘယ်ဘက် ခြေထောက်ကို ခြေသလုံးရိုးစတီးချောင်း အစားထိုးခွဲစိတ်ကုသမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မမှူးရတနာခက်မိုမိုထွန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံထားရပြီး အလုပ်နဲ့ထောင်ဒဏ် (၃) နှစ် ချမှတ်ခံထားရသလို သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ တရားစွဲဆိုထားတာကို ကြားနာစစ်ဆေးနေဆဲဖြစ်ပါတယ်။
ကားနဲ့အတိုက်ခံရတဲ့အချိန်မှာ ရရှိခဲ့တဲ့ဒဏ်ရာတွေအနက် သာမန်ရရှိတဲ့ဒဏ်ရာတွေက ပျောက်ကင်းခဲ့ပေမယ့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဘယ်ဘက်ခြေထောက် ခြေသလုံးရိုးမှာ အရိုးကြေမွသွားတဲ့ ဒဏ်ရာက ၃ နေရာ ဖြစ်ပြီး ယခုအချိန်ထိမသက်သာတာကြောင့် ချိုင်းထောက် ၊ ဝှီးချဲနဲ့ သွားလာရတာဖြစ်တယ်လို့ မမှူးရတနာခက်မိုမိုထွန်းရဲ့ ရှေ့နေတစ်ဦးထံမှ သိရှိရပါတယ်။
ခွဲစိတ်မှုဒဏ်ကြောင့် ရောင်ရမ်းနာကျင်မှုတွေခံစားနေရသလို လုံခြုံရေးကြောင့် ဆေးရုံကုတင်မှာ သံခြေကျင်းခတ်ထားပြီး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရသလို ယခုလက်ရှိမှာလည်း အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရဲအချုပ်လူနာဆောင်မှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၇) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ကျဆုံးသူအမျိုးသမီး (၄၀၇) ဦး ၊ ဖမ်းဆီးခံရသူအမျိုးသမီး (၄၁၇၉) ဦး ၊ ပြစ်ဒဏ်ချမှတ်ခံရသူ အမျိုးသမီး (၇၃၅) ဦး ၊ သေဒဏ်ချမှတ်ခံရသူအမျိုးသမီး (၁၁) ဦး နဲ့ ပြန်လည်လွတ်မြောက်လာသူအမျိုးသမီး (၉၂၉) ဦး ရှိနေပြီဖြစ်ပါတယ်။
သတင်း − မေမီမင်းညို
ဓါတ်ပုံ – မမှူးရတနာခက်မိုမိုထွန်း