မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နဲ့-ဘုရားသုံးဆူကို ဆက်သွယ်ထားတဲ့လမ်း ပိတ်ထားတာကြောင့် ကြာအင်းဆိပ်ကြီးမြို့ထဲကို ကုန်ကားတွေဝင်မရတော့ဘဲ ကြာအင်းဆိပ်ကြီးမြို့ထဲမှာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ အဆမတန်ဖြစ်ပွားနေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတွေဆီက သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းကို အသွားအလာကန့်သတ်ထားပြီး အခုချိန်မှာတော့ ပိတ်ထား တာကြောင့် ကြာအင်းဆိပ်ကြီးမြို့ထဲမှာ အခြေခံကုန်ဈေးနှုန်းကစပြီး ဈေးတွေအဆမတန်မြင့်တက် နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆန်က မနောသုခပဲထားဦး အရင်ကဆို တစ်ပြည်ကို ၁၂၀၀ ကျပ် အခုက ၂၉၀၀ ကျပ်၊ ဆန်က သိပ်လည်းမကောင်းဘူး၊ အိမ်မှာဆို ဆန်ကြမ်းဘဲပေါ့၊ အများသူငါလည်း အဲ့ဒီဆန်ဘဲစားကြတာ၊ ပိုက်ဆံရှိတဲ့လူတွေကတော့ ပေါ်ဆန်းမွေးတို့ စားတာပေါ့၊ ပေါ်ဆန်းမွှေးဆို အခုစားဖို့တောင်မတွေးရဲဘူး” လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ ကုန်ကားဝင်မရတာကြောင့် ဟင်းသီးဟင်းရွက်ဆီကို အာဏာမသိမ်းခင်က တစ်ထုတ် ၉၀၀ ကျပ် သာပေးရသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၃၉၀၀ ကျပ်အထိ ပေးဝယ်နေရပြီး တစ်ခြားအခြေခံကုန်ဈေးနှုန်းတွေလည်း ဈေးသုံးဆလောက်မြင့်တက်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့မှာ တိုက်ပွဲဖြစ်ပွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဒေသခံတစ်ချို့ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပြီး မြို့ထဲမှာလည်း စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ထားတာကြောင့် ဒေသခံတွေမှာ အရင်ကထက် အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းမှာ စစ်ကောင်စီတပ်က ဂိတ်ချကာ ပိုက်ဆံကောက်ခံတာတွေရှိခဲ့ပြီး အခုနောက်ပိုင်းမှာတော့ လမ်းကိုအပြီးတိုင်ပိတ်ထားတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ