မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီပြည်နယ် ၊ ဒီမော့ဆိုမြို့နယ်ဘက်မှာ မတ်လ (၁၄) ရက်နေ့က စတင်ပြီး KA ၊ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြားမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၁သိန်း ကျော်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Job for Kayah အဖွဲ့သားတွေမှ ၂၀၂၃ ခုနှစ် ၊ မတ်လ (၂၀) ရက်နေ့က အိမ်ထောင်စုပေါင်း (၉၄) စု ၊ လူဦးရေ (၄၃၀) ဦးရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခု ကို ဆန် ၊ ဆီ၊ ဆား ၊ ကြက်ဥ ၊ ကြက်သွန်နီ ၊ ကြာဇံ နဲ့ ကုလားပဲ အစရှိတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ကရင်နီပြည်နယ် ၊ ဒီမော့ဆိုဖက်က စစ်ဘေးရှောင်တွေကိုအဓိကထားပြီး ထောက်ပံ့ပေးတယ်ဗျ။ ဒီဘက်မှာက စစ်ဘေးရှောင်အားလုံးပေါင်း ၁ သိန်းကျော်နီးပါရှိနေတယ် ။ စစ်ရှောင်စခန်း တစ်ကန့်နဲ့ တစ်ကန့်ရဲ့ အိမ်ထောင်စုနဲ့ လူဦးရေအတိအကျတော့မရှိဘူး။ အခု လက်ရှိကတော့ ရိက္ခာနဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေပါတယ်” လို့ JFK မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ကရင်နီပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီး မှုတွေကြောင့် နေရပ်စွန့်စွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်တယ်လို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ (KnHRG) ထုတ်ပြန်ထားပါတယ်။
သတင်း − မေမီမင်းညို
ဓါတ်ပုံ – Job for Kayah