မတ်လ ၂၀ ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ညနေ ၃နာရီခွဲလောက်က မြို့ပေါ်မှာ လေယာဉ်နှစ်စီးဝဲနေတာကြောင့် ဒေသခံပြည်သူတွေမှာ အိမ်အပြင်မထွက်ရဲဘဲ ထိပ်လန့် နေကြရတယ်လို့ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ တိုက်ပွဲတွေဖြစ်ပွါးမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ဒေသခံတစ်ချို့ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြတာဖြစ်ပြီး အခုလိုလေယာဉ်နဲ့ မြို့ပေါ်ကို လာဝဲတာကြောင့် ဒေသခံတွေမှာ အရင်ကထက်ပိုပြီးကြောက်ရွံနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လေယာဉ်ကနှစ်စီး၊ သွားလိုက်လာလိုက်နဲ့၊ ပစ္စည်းပိုတာလားမသိဘူး၊ နာရီဝက်လောက်ကြာတယ်၊ အပြင်မထွက်ရဲဘူး” လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အနီးတစ်ဝိုက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွါးလေ့ရှိပြီး စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးမြို့အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူမြို့ကိုဆက်သွယ်ထားတဲ့လမ်းကို ပိတ်ထားတာကြောင့် ကြာအင်းဆိပ်ကြီးမြို့ကို ကုန်ကားတွေမဝင်တော့ဘဲ မြို့ထဲမှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ဒေသခံတွေအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာလည်း ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွါးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး စစ်ကောင်စီတပ်ကလည်း ညဘက်တွေမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေထိပ်လန့်နေကြရတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ