မတ်လ ၁၉ ရက် ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၆ အနီးမှာ ကင်းချထားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေတိုက်ခိုက်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ စစ်မှုထမ်းဟောင်း ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အသက် ၇၀ ကျော်အရွယ် ကျောက်ခဲဆိုသူဖြစ်ပြီး မတ်လ ၁၈ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်အချိန်မှာ ပျူစောထီး ၂ ဦးနဲ့ စစ်မှုထမ်းဟောင်း ၁ ဦး ကင်းစောင့်နေတဲ့နေရာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးခဲ့တဲ့အပြင် လက်နက် တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ.အဖွဲ့က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
“သူတို့ကို အလစ်ဝင်တိုက်တာဆိုတော့ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး။ အလောင်းကိုတော့ အဲ့ဒီမှာ ထားခဲ့လိုက်တယ်။ကျန်တဲ့နှစ်ယောက်ကတော့တပ်ထဲဘက်ကို ပြေးသွားတယ်။ အဲ့ထဲကတစ်ယောက်က လက်နက်မကောက်နိုင်ဘူး” လို့ ဆိုပါတယ်။
အခုလိုပစ်ခတ်မှုအပြီးမှာ ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၂ ခု ကျည် ၁၀၁ တောင့် ၊ Short Gun ၁ လက် Short Gun ကျည် ၁၄ တောင့် နဲ့ ကပ်သီး ၁ ခု သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ပြီးတဲ့ခဲ့ မတ်လ ၁၇ ရက်နေ့တုန်းကလဲ ရေစကြိုမြို့က ခလရ ၂၅၆ နဲ့ ခလရ ၂၅၈ အထိုင်ချထားတဲ့ နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ နဲ့အတူ အခြားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – YSO