မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အနောက်ခြမ်း ရေဦးမြို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ အင်းပတ်ကွေ့ ဈေးတန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တို့ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်အား ၄၀ ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ မတ်လ ၁၇ ရက်နေ့မနက်က ရေဦး-ညောင်ပင်ကြီးစု ကားလမ်းအရှေ့ဘက် အင်းပတ်ကျေးရွာ အနောက်တောလမ်းတစ်လျှောက်က ညောင်ပင်ခြံရွာနဲ့ ဆည်ကြီးကျေးရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ဖောက်ဝင်ရောက်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းတွေကို မတရားယူဆောင်သွားကာ အပြန်လမ်းမှာ အခုလိုတိုက်ခိုက်ခံရတာပဲဖြစ်ပါတယ်။
“တိုက်ပွဲဖြစ်တာကတော့ ညောင်ပင်ခြံကျေးရွာကနေ သူတိုအထိုင်ချနေတဲ့နေရာကို ပြန်လာတဲ့အချိန် ချမ်းသာကုန်းကျေးရွာထိပ်မှာဖြစ်တာပါ၊ ရှေ့ပြေးကင်းသမား ၄ ယောက်တက်လာတဲ့အချိန်မှာ အပြန်အလှန်ပစ်တာ ၂ ယောက်ပွဲချင်းပြီးပဲ” လို့ KDK ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အခုလိုတိုက်ခိုက်မှုကိုတော့ KSO၊ KDK၊ မြို့နယ် ပကဖ၊ မြို့နယ်တပ်ရင်းနဲ့အတူ အခြားမဟာမိတ် LDFတို့ သွားရောက်တိုက်ခိုက်ခဲ့တာလဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေကို ရေဦးမြို့တိုင်းရင်းဆေးရုံကနေ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူ ပေးခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲဖြစ်ပွားပြီးချိန်မှာလဲ ချမ်းသာကုန်းကျေးရွာက တဲ ၁ လုံးနဲ့ ကောက်ရိုးပုံ ၃ ပုံ ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – KSO