
မတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ဖယ်ခုံ၊ ခေါင်အိကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KRU ၊ SSLRU ၊ ဖယ်ခုံ PDF၊ KNDF B11 ၊ DMO Local PDF၊ ဖယ်ခုံ PDF 1006 ၊1108 ၊ မိုးဗြဲ PDF 1001၊1004၊KA ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့တို့ဟာ မတ် ၈ ရက်ကစလို့ ၁၆ ရက်အထိ ၉ ရက်တိုင် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
“စစ်တပ်ဘက်က ၄၅ ယောက်သေတယ်ဆိုတာကတော့ အတည်ပြုနိုင်တယ်ဗျ၊ လက်နက်တွေဆိုလည်း ၆၀ မမ ပြောင်းအပါအဝင် အသီးတွေလည်းအများကြီး ပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့ပါတယ်၊ ၇၉ သီးတွေ အာပီဂျီသီးတွေလည်းပါတယ်” လို့ KRU ပြန်ကြားရေးတာဝန်ရှိသူက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ဂျက်ဖိုက်တာ ၂စီး ဟက်စကီးတစီးနဲ့ ၂ ရက်လာပစ်သွားတယ်၊ ကြားထမှာ ပစ်သွားတာတွေလည်း ရှိနိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
၉ ရက်တာ တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်က ရဲဘော် ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီဟာ နမ့်နိမ့်ရွာ အနောက်ဘက်တောင်ကြောကိုလည်း စစ်ကြောင်းထိုးလာတာတွေ ရှိနေပြီး အရပ်သားများကို ဖမ်းဆီးထားသလို ခေါင်အိကျေးရွာတိုက်ပွဲအတွင်းမှာလည်း အရပ်သားအချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအသုံးပြုနေတယ်လို့ သိရပါတယ်။
“ခေါင်အိနဲ့နမ့်နိမ်းကတော့ ဖယ်ခုံဘက် တကြောတည်းပေါ့၊ ခွေးစစ်ကြောင်းကလဲ များတယ်၊ ဒီနေ့တောင် ခေါင်အိဘက် စစ်ကြောင်း ၃ ကြောင်းလာတာလို့ ရဲဘော်တွေက ပြောပြတယ်၊ သူတို့စစ်ကြောင်းတွေက အမျိုးမျိုးဖြစ်နေတာ၊ ပြီးတော့ စစ်ကြောင်းမှာ အရပ်သားတွေကိုဖမ်းပြီး စစ်သုံ့ပန်းအဖြစ် အသုံးပြုနေတယ်” လို့ KRU ပြန်ကြားရေး တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့ပါတယ်။
မနေ့ (မတ် ၁၆ ရက်) မနက် အစောပိုင်းကလဲ နမ့်နိန်းရွာအနောက်ဘက်မှာ စစ်ကောင်စီနဲ့ စစ်ကြောင်းနဲ့ ပူးပေါာင်းတပ်ဖွဲ့များ ၆ နာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၀ ကျော်သေဆုံးခဲ့ပါသေးတယ်။

Karenni’s Voice (People’s Radio Myanmar)
photo – Phekon PDF