မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ တိုက်ပွဲတွေထပ်မံဖြစ်ပွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတစ်ချို့ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြပြီး မြို့ထဲမှာလည်း အသွားအလာနည်းပါးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီး စစ်ကောင်စီတပ်ကလည်း ဇမိခမ်းမမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကနေ ဒီနေ့အချိန်ထိ တပ်စွဲထားတာကြောင့် ဒေသခံတွေမှာ မနေရဲတော့ဘဲ ပြောင်းနေကြရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြောင်းနေတဲ့သူတွေလည်းပြောင်းကြပေါ့၊ အဝေးကနေအလုပ်လာလုပ်တဲ့လူတွေလည်း ပြောင်းကြတာ၊ မြို့ထဲမှာ သွားတော့သွားလာနေကြတာဘဲ ၊ အရင်လိုတော့မဟုတ်တော့ဘူးပေါ့၊ အမြဲတမ်းကြိုတင် ပြင်ဆင်ထားရတယ် အစစအရာရာ၊ အခုဆို ဇမိခန်းမမှာပြည့်နေရော၊ သူတိုတွေ နေရာယူထားကြတာ” လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေ့တိုင်းနီးပါးလေယာဉ်ဝဲတာတွေ၊ နေ့ရော ညပါလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေမှာ နေအိမ်မှာမနေရဲတော့ဘဲ ဘေးလွတ်ရာကို ရက် ၂၀ နီးပါး တိမ်းရှောင်နေခဲ့ရပြီး နေရပ်ပြန်လည်နေထိုင်နေကြတာ မကြာသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးမြို့မှာ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားပြီး နောက်ပိုင်းမှာ ညနေ ၆ နာရီကျော်အပြင်ထွက်သူတွေကို ဖမ်းဆီးပြီး အချုပ် ၅ ရက်ချကာ ဒဏ်ငွေ ၃ သိန်း ပေးဆောင်ရတယ်လို့ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့လောက်ကစပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကြာအင်းဆိပ်ကြီးမြို့ အနီးတစ်ဝှိက်ကကျေးရွာတွေဖြစ်တဲ့ တောင်စွန်း၊ အနန်းကွင်း၊ ဆင်ပြေး၊ ဝင်းခန၊ တစ်ခတ်ချောင်း၊ ချောင်းဝ၊ ဝါးဘိုးကုန်းနဲ့ ကျောက်ဘီလူးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ၊ လေယာဉ်နဲ့ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေခဲ့ ရတာလည်း ဖြစ်ပါတယ်။
သတင်း- ကိုဖြိုး
ဓါတ်ပုံ – CJ