မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ PDF ရဲဘော်တစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မတ်လ ၁၈ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ စစ်ကြောင်း ၄ ကြောင်းခွဲပြီး တင်ငုတ်ပြင်ရွာထဲကိုဝင်လာချိန် ကင်းစောင့်နေတဲ့ PDF ရဲဘော်တစ်ဦး ချောင်းပစ်ခံရပြီး ကျဆုံးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်ကြောင်း ၄ ကြောင်းနဲ့ ရွာတွေထဲကိုဝင်လာတယ်။ PDF ရဲဘော်တစ်ဦးကိုလည်း ပစ်သတ်သွားတယ် ဒေသခံတွေကိုလည်းဖမ်းဆီးထားတာ အခုအချိန်ထိတော့ ပြန်မလွတ်သေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာဟာ တစ်ပတ်လောက်ရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မတ်လ ၁၁ ရက်နေ့မှာ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကိုဝင်ရောက် စစ်ကြောင်းထိုးနေတဲ့အပြင် ပေါက်မြို့နယ်ထဲက အုန်းတောတောင်စုရွာနဲ့ အုန်းတောမြောက်စုရွာက နေအိမ် ၇၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပါတယ်။
သတင်း – နော်အယ်နီ
ဓါတ်ပုံ – Myanmar Peace Monitor