
မတ် ၁၇ ရက် ၂၀၂၃ ခုနှစ်
စစ်ကောင်စီရဲ့ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ယမန်နေ့ (မတ် ၁၆ ရက်) က နမ့်နိန်းရွာ အနောက်ဘက် တောင်ကြောပေါ်ကို စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KRU ထံက သိရပါတယ်။
“တိုက်ပွဲက ဖြစ်တာ တော်တော်ကြာတယ်၊ မနက် ၇နာရီခွဲလောက်က စဖြစ်တာ ၁၀နာရီလောက်ထိ၊ အဲ့ဒါပြီးတော့ ရဲဘော်တယောက် ကျန်ခဲ့တာရှိလို့ နောက်တခါ ထပ်သွားပြန်တိုက်တာ ၁ နာရီလောက်ထိ တိုက်ပွဲထပ်ဖြစ်တယ်၊ ကျတော်တို့ ရဲဘော်တွေ အကျအဆုံးတော့ မရှိခဲ့ပါဘူး၊ စစ်တပ်ဘက်က ၂၀ ကျော်သေတာတော့ အတည်ပြုနိုင်တယ်” လို့ KRU ပြန်ကြားရေး တာဝန်ရှိသူ ကိုလင်းလင်းက Karenni’s Voice ကို ပြောပြပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ KNDF တပ်ရင်း ၁၁၊ PNDF(KK)၊ အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ပေါင်းစု အဖွဲ့မှ KRU (၂)ဦး ၊ တပ်ရင်း(804)၁ဦး၊တပ်ရင်း(805)၁ဦး၊စစ်တောင်းပျောက်ကျား(၁)ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီဟာ အရပ်သားများကိုလည်း ဖမ်းဆီးထားကာ လမ်းပြအဖြစ် အသုံးပြုနေတာ မျက်မြင်တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။
“စစ်တပ်က အရပ်သားတွေကိုလည်း ဖမ်းထားသေးတယ်၊ ၅ ယောက်ကနေ ၁၀ ယောက် အနည်းဆုံးဖမ်းထားတာ၊ မနက်ဘက်တိုက်ပွဲဖြစ်တော့ သူတို့ရေဆင်းခပ်တာ၊ ရွာသား ၄ ယောက်လောက်ကို လမ်းပြခိုင်းနေတာ တွေ့တယ်၊ အမျိုးသားတွေချည်းပဲ၊ အသက် ၂၇ ဝန်းကျင်တွေပါ” လို့ ကိုလင်းလင်းက ထပ်မံပြောပြခဲ့ပါတယ်။
စစ်ကောင်စီဟာ အခုလို အရပ်သားတွေကို ဖမ်းဆီးအသုံးပြုတာတွေအပြင် မတ် ၁၁ရက်က သတ်ဖြတ်မှုတွေပါ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဧရိယာတွေကို အရပ်သားများ သွားလာာခြင်းမပြုဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – KRU