မတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း လိုင်စင်ရှိမော်တော်ယာဉ်တွေကို မြ၀တီမြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်အပြင် မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်ပါရှိတဲ့ ထပ်တိုးထည့်သွင်း ရိုက်နှက်ထားတဲ့ ဖောင်းကြွနံပါတ်ပြားအသစ်တွေကို ၂၀၂၃ ခုနှစ် ၊ မတ်လ ၊ ၃၁ ရက်နေ့ နောက်ဆုံးထားသတ်မှတ်ပြီး က.ည.န ရုံးမှာ ထုတ်ယူပြောင်းလဲတပ်ဆင်ကြဖို့နဲ့ ပြောင်းလဲတပ်ဆင်ခြင်းမရှိတဲ့ မော်တော်ယာဉ်တွေကို ဧပြီလ (၁) ရက်နေ့ မှ စတင်စစ်ဆေး အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
နံပါတ်ပြားလဲလှယ်မဲ့သူတွေက သက်ဆိုင်ရာ က.ည.န ရုံးတွေမှာ အရင်လာရောက်ကာ စာရင်းပေး သွင်းဆောင်ရွက်ရမှာဖြစ်ပြီး ကရင်ပြည်နယ်အတွက် ဖောင်းကြွနံပါတ်ပြားအသစ်တွေကို မော်လမြိုင် စက်ရုံကနေ တိုက်ရိုက်ထုတ်ပေးပြီး က.ည.န ရုံးကို ရောက်လာတဲ့အခါ ဆောင်ရွက်ထားတဲ့ယာဉ်ပိုင်ရှင် (သိုမဟုတ်) ပွဲစားထံသို ဖုန်းဆက်ပြီး နံပါတ်ပြားလာလဲဖို့ အကြောင်းကြားဆောင်ရွက်ပေးတယ်လို့ သိရှိရပါတယ်။
“ရုံးချုပ်ကညွှန်ကြားထားတာကတော့ ဒီလကုန်ရင် ကားတွေအကုန်လုံးကို ဖောင်းကြွနံပါတ်ပြား အသစ်တွေ မဖြစ်မနေ ပြောင်းလဲတပ်ဆင်ရမယ်။ ဒီလကုန်ကနေ ပညာပေးကာလ ၁ လ မှာ မတပ်ဆင်ရသေးတဲ့ မော်တော်ယာဉ်တွေကို ယာဉ်ထိန်းတွေက စစ်ဆေးမယ်။ နံပါတ်ပြားလဲဖို့ အတွက်ပြောမယ်။ နောက်ပိုင်းတော့ သူတို့ ဒဏ်ကြေး သတ်မှတ်တာဘာညာတော့ရှိမှာပေါ့” လို့ က.ည.န ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားလဲလှယ်တဲ့အခါမှာ လိုင်စင်ရှိတဲ့ ကားတွေအကုန်လုံး လဲလှယ်ရမှာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ ၁၀,၀၀၀ ကျပ် ကုန်ကျသလို လုပ်ငန်းသုံးကုန်ကားကြီးတွေကို ဦးစားပေး ဆောင်ရွက်ပေး နေတယ်လို့လည်း ကုန်ကားမောင်းသူတစ်ဦးထံမှ သိရပါတယ်။
“သူတို့အခုလိုလုပ်တာက အရင်တုန်းကဆိုရင် တခုခုဖြစ်ရင် CCTV တို့ Black Box တို့ကနေ အစအဆုံးလိုက်စစ် နေရတာလေ။ အခုလို မြို့နယ်ကုဒ်နံပါတ်တွေ ကားအမျိုးအစားတွေ ခွဲလိုက်တော့ ဘယ်ကကားလဲ ဆိုတာ တန်းသိနိုင်တယ်လေ။ အဲ့လိုသိလို့ က.ည.န ရုံးတွေကို လိုက်ရင်လဲ သူတိုရုံးမှာက နေရပ်လိပ်စာအပြည့်စုံရှိတယ်လေ။ အဲ့လိုလိုက်လိုလွယ်အောင်လို့ ဒီကောင်တွေ သက်သက် ကလိမ်ကကျစ်ကျပြီး ဉာဏ်ဆင်ဖြစ်နိုင်တယ်” လို့ မြ၀တီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်မှာ မြို့နယ်ကိုယ်စားပြုနံပါတ်တွေက ကော့ကရိတ်မြို့ KYN -1 ၊ ကြာအင်းဆိပ်ကြီး KYN -2 ၊ ဖာပွန် KYN -3၊ ဘားအံ KYN -4 ၊ လှိုင်းဘွဲ KYN -5၊ သံတောင်ကြီး KYN -6၊ မြ၀တီ KYN -7 အစရှိသဖြင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့ တုန်းကလည်း မြန်မာနိုင်ငံက မော်တော်ယာဉ် နံပါတ်ပြားတွေကို စာရင်းဇယားမှန်ကန်ရေးနဲ့ ကွန်ပြူတာကင်မရာတွေကနေ မှတ်တမ်းတင်ရလွယ်ကူစေဖို့အတွက် အင်္ဂလိပ်အက္ခရာနံပါတ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် စတင်ပြောင်းလဲ သုံးစွဲခဲ့ဖူးပါသေးတယ်။
သတင်း − မေမီမင်းညို
ဓါတ်ပုံ – CJ