.မတ်လ ၁၇ ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ မတ်လ ၁၆ ရက်နေ့ ည ၈ နာရီ ၂၇ မိနစ်လောက်က ပစ်ခတ်သံတွေ ကြားရတာကြောင့် ကော့ကရိတ်မြို့ဒေသခံတွေမှာ မြို့အနီးတစ်ဝိုက် တိုက်ပွဲတွေထပ်မံဖြစ်ပွားလာမှာကို ကြောက်ရွံထိပ်လန့်နေကြရတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်ပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပွားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် အခုလို ပစ်ခတ်သံတွေကြားနေရတာကြောင့် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာပြီး မြို့ထိခိုက်မှာကို စိုးရိမ်နေကြရတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အသံကကြားနေရတာဘဲ၊ ဘယ်ကနေပစ်နေတာလဲတော့မသိဘူး၊ ကော့ကရိတ်မှာက ညဘက် ၇ နာရီ ကျော်ရင်တိတ်ဆိပ်နေပြီးလေ၊ အခုက ၁၀တန်းစာမေးပွဲလည်းပြီးတော့မယ်၊ သတင်းတွေကလည်း ဟိုလိုလို ဒီလိုလိုထွက်လာတယ်ဆိုတော့ ကြောက်နေရတယ်လေ” လို့ ကော့ကရိတ်မြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ညတိုင်းနီးပါးပစ်ခတ်လေ့ရှိပြီး မတ်လ ၈ ရက်နေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမဲ့ အချိန်မှာတော့ လက်နက်ကြီးပစ်ခတ်တာတွေကို ရပ်နားထားပြီး အခုအချိန်မှာ ပြန်လည်ပစ်ခတ်တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ညကလည်း ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကျုံဒိုးမြို့က ကျေးရွာတွေဖြစ်တဲ့ ကော့ဝါလဲ နွားခြံကုန်း ရွာနားမှာရှိတဲ့ သင်္ချိုင်းကုန်းဘက်ကနေ ညအချိန်မတော် စစ်ကြောင်းဖြတ်တာကြောင့် အနီးအနားကျေးရွာတွေဘက်က ဒေသခံရွာသားတွေ ညအချိန်မတော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အခုချိန် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်ထားတာကြောင့် ညဘက်အပြင်ထွက်တဲ့လူတွေကို ဖမ်းဆီးထောင်ချတာတွေနဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် ညနေဘက်အလုပ်ပြန်နောက်ကျသူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပိတ်ခဲ့ပြီး ကော့ကရိတ်မြို့မှာ ကုန်စည်စီးဆင်းမှုရပ်တန့်လုနီးပါးဖြစ်ခဲ့တာကြောင့် ကုန်ဈေးနှုန်းတွေတက်လာခဲ့ပြီး ယနေ့ချိန်ထိ ကုန်ဈေးနှုန်းမကျသေးတာကြောင့် ကော့ကရိတ် ဒေသခံတွေမှာ အခက်အခဲနဲ့ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – Cj