Site icon People’s Radio Myanmar

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေပြီးနောက်ပိုင်း ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေဖြစ်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဒေသခံတွေထိပ်လန့်နေကြ

မတ်လ ၁၆ ရက် ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲတွေဖြေဆိုပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဒေသခံတွေမှာ ကြောက်ရွံ့ထိပ်လန့်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ကပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး စာမေးပွဲပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားမယ်ဆိုတဲ့ သတင်းတွေကြောင့် ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားမှာကို ကြောက်လန့်နေကြရတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“စာမေးပွဲပြီးသွားရင် တိုက်ပွဲတွေဖြစ်မယ်လို့ ပြောတာတော့ကြားတယ်၊ အခုထိတော့ငြိမ်နေတယ်၊ ပစ်ရင်အိမ်ထဲမှာပဲနေကြတယ်၊ ပစ်ခတ်ပြီးရင်တော့ လမ်းပေါ်လူစည်နေရော၊ အဓိကကတော့ မြို့ထဲမှာ တိုက်ပွဲဖြစ်မှာကိုကြောက်တာပေါ့၊ ဟိုတစ်ခေါက်တိုက်ပွဲတုန်းကလို မြို့ထဲကိုလေယာဉ်နဲ့ဗုံးကြဲမှာကို ကြောက်နေရတယ်” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ လလယ်ပိုင်းလောက်က KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နဲ့ အနီးအနားကျေးရွာတွေဘက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေကို လက်နက်ကြီးစထိမှန်ဒဏ်ရာရတာတွေ၊ ထိခိုက်သေဆုံးတာတွေဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ကော့ကရိတ်မြို့မှာရှိတဲ့ မြဝတီ−ကော့ကရိတ် အာရှလမ်းမပိတ်ထားခဲ့ရပြီး ကုန်စည်စီးဆင်းမှုရပ်တန့်လုနီးပါးဖြစ်ခဲ့တာကြောင့် ကော့ကရိတ်မြို့ ဒေသခံတွေမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၉၂၈၅ ဦး ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စာမေးပွဲဖြေဆိုသူ ၂၈၅၁ ဦးသာရှိတယ်လို့ သိရပါတယ်။

အခုအချိန်မှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်ထားပြီးနောက်ပိုင်းမှာ ညဘက်အပြင်တွေသူတွေကို ဖမ်းဆီးထောင်ချတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ ပါသေးတယ်။

သတင်း – ကိုဖြိုး

ဓါတ်ပုံ – CJ

Exit mobile version