မတ်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မြောက်ဘက်ခြမ်းရှိ မိကျောင်းပင်ကျေးရွာနဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကော့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လမ်းပိတ်ဆိုထားတာကြောင့် ရွှေဘိုမြို့မှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ စားသုံးဆီ ၊ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ဆန် ၊ ဆီ၊ ဆား နဲ့ ဆေး၀ါးကအစ လိုအပ်နေမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“မိကျောင်းပင်ရွာနားမှာ စကစ နဲ့ ပျူ တွေ ပေါင်းပီး ဂိတ်ချ လမ်းပိတ်ထားတာ (၆) ရက်လောက်ရှိပြီး။ အင်အားအတိအကျတော့ ကျွန်တော်လည်းမသိဘူး ။ ဖြတ်လေးဖြတ် လုပ်ချင်တဲ့သဘောထင်ပါတယ်” လို့ ရွှေဘိုမြို့အနီးနားမှာ နေထိုင်တဲ့ ဒေသခံတဦးထံက သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က အခုလို ဂိတ်ချပြီးပိတ်ထားတဲ့အတွက် ရွှေဘိုမြို့အနီးအနားကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေအတွက် အစားအသောက်နဲ့ ဆေး၀ါးတွေများစွာလိုအပ်နေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေ ရပါတယ်။
“စကစတွေ လမ်းပိတ်လိုက်ထဲက ဆန်ဆိုရင်လည်း တစ်ပိုင်းပဲပေးသယ် ။ ပိုသယ်လိုမရဘူး ။ သုံးဘီးတို့ ကားတွေနဲ့ တင်ရင်လည်း အကုန်လုံးကိုဆွဲချတယ်။ အဲ့တော့ ဆန်တွေရော ဆီတွေရော ရှိသမျှအကုန် စျေးတွေထိုးတက်ကုန်တော့ အကုန်ဒုက္ခရောက်ကုန်တာပေါ့” လို့ ရွှေဘိုမြို့ဒေသခံ တဦးထံမှ သိရပါတယ်။
ဒါ့အပြင် ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက တွေ့သမျှ ၊ မြင်သမျှ ကို သေနတ်နဲ့ ပစ်ခတ်တာတွေ မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်ဆောင်ခဲ့တာကြောင့် ဆန် နဲ့ အခြားရိက္ခာတွေ မီးလောင်ကုန်တယ်လို့ လည်းသိရပါတယ်။
စစ်ကောင်စီတပ်က၂၀၂၃ ခုနှစ် ၊ ဖေဖေါ်၀ါရီလ ၂ ရက်နေ့မှစတင်ပြီး ရွှေဘိုမြို့ ၊ ၀က်လက်မြို့နဲ့ အရာတော်မြို့ တွေကို (Martial Law) စစ်အုပ်ချုပ်ရေးကြေငြာပြီးနောက်ပိုင်း ယခုလို ပိတ်ဆို့ စစ်ဆေးမှုတွေ ပြုလုပ်လာတာ လည်းဖြစ်ပါတယ်။
သတင်း − မေမီမင်းညို
ဓါတ်ပုံ – CJ