
မတ်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်
ဖားကန့်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က နာဂလူငယ်အချို့ အကြောင်းရင်းတိတိကျကျမသိပဲ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ၄င်းလုပ်ဆောင်ချက်အတွက် တာဝန်ရှိတဲ့ လက်နက်ကိုင်အဖွဲ့ကို Naga News က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
“ဒါက ဟုတ်ပါတယ်။ အထင်မှားစရာတော့ ဖြစ်သွားတယ်။ ကျနော်တို့ ဒီလို မရည်ရွယ်ဘူးပေါ့။ သိတဲ့အတိုင်းပဲ ကျနော်တို့ လူတွေက ပါဝင်မှုလည်း အရမ်းအားနည်းကြတယ်။ ကျနော်တို့လည်း ရှင်းပြလိုက်တော့ အခုတော့ သူတို့ သဘောပေါက်ပါတယ်” လို့ အဲဒီ လက်နက်ကိုင်အဖွဲ့ရဲ့ ဒုတိယ – စစ်ဦးစီးချုပ် ဆိုသူက Naga News ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အချိန်အထိ ၄င်းတို့ကို ဘာအတွက် လာရောက် ဖမ်းဆီးခေါ်ဆောင်တယ် ဆိုတာကို သူတို့ကိုယ်တိုင် မသိကြောင်း ပြန်လည်လွတ်မြောက်လာတဲ့သူအချို့က ပြောပါတယ်။
“ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ရတယ်လေ နော်။ မနေ့ကလည်း B ပိုး C ပိုး တွေ့လို့ တချို့ အိမ်ပြန်လွတ်ပေးလိုက်တယ် လို့ ၄င်း ဒုတိယ စစ်ဦးစီးချုပ်ဆိုသူက ပြောပါတယ်”
သို့သော်ဖမ်းဆီးခံ မိဘများကတော့ ပြန်လွတ်လာတဲ့သူတွေနဲ့လည်း အခုအချိန်အထိ ဆက်သွယ်မရတာကြောင့် စိုးရိမ်ပူပန်နေပါတယ်။
“မောင်လေးက အိမ်အခက်အခဲကြောင့် ဖားကန့်ကိုသွားလိုက်တာ မဟုတ်ဘူး၊ အသင်းတော်က ဘုရားကျောင်းဆောက်ဖို့ အလှူငွေကိစ္စနဲ့ လွတ်လိုက်တာ။ အိမ်မှာ အမေက နေမကောင်းဘူး အဖေက ဖျောင်းဖျလို့မရလောက်တဲ့အထိ စိတ်ထိခိုက်နေတာ အဖေ တခုခု ဖြစ်သွားမှာ စိုးရိမ်တယ်” လို့ ၄င်း ဖမ်းဆီးခံရသူများတွင် ပါသွားသော သိန်းဇော်ဝင်း၏ အမက ပြောပါတယ်။
ဖားကန့်ရောက်နေသော နာဂလူငယ်အများစုဟာ မိသားစု စားဝတ်နေရေး ခက်ခဲတာကြောင့် ကျောက်စိမ်း လုပ်ကွက်တွေမှာ ရေးမဆေးကျောက်ရှာတဲ့အလုပ်ကို သွားရောက် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ယခု ဖမ်းဆီးခေါ်ဆောင်မှုနဲ့ပတ်စက်ပြီးတာဝန်ရှိနေတဲ့အဖွဲ့ထံမှ တစုံတရာတုံ့ပြန် ဖြေရှင်းခြင်း မတွေ့ရှိရပါ။
အမျိုးသားရေး ဆိုပေမယ့် သဘောထားဆန္ဒ မမေးမြန်းပဲ အခုလို အတင်းခေါ်ဆောင်တာကတော့ လူထုနဲ့ ယုံကြည်မှု ပျက်ပြားစေတဲ့ လုပ်ဆောင်ချက်ဖြစ်လို့ မထောက်ခံဘူးလို့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးခံ မိဘများကိုယ်စား စုံစမ်းချိတ်ဆက်နေတဲ့ ကိုကာ့စာပေကော်မတီ ဥက္ကဌမှလည်း ပြောဆိုပါတယ်။

#NagaNews
သတင်း Chui
Photo CJ