မတ်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့နယ် ထူးကြီးကျေးရွာရှိ စက်ယက္ကန်းစင် နဲ့ လက်ယက္ကန်းစင်တွေကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ (S&C) မှ ဦးဆောင်ပြီး ထူးကြီးကျေးရွာနဲ့ အနီးနားရှိကျေးရွာ (၃) ရွာအတွင်းကို လက်ယက္ကန်းစင်တွေ ပံ့ပိုးကူညီပေးနေတယ်လို့ သိရပါတယ်။
လက်ယက္ကန်းစင်တစ်ခုကို ကုန်ကျစရိတ် ၆၅၀,၀၀၀ ရှိပြီး ကြာချိန် (၇) ရက်ခန့် ကြာမြင့်သလို လက်ယက္ကန်းနဲ့ အသက်မွေး၀မ်းကြောင်းပြုတဲ့သူတွေ ၊ ရပ်တည်နေရတဲ့သူတွေနဲ့ ယက္ကန်းနဲ့စီးပွားရေး လုပ်နေရတဲ့သူတွေကို အဓိကထားပံ့ပိုးကူညီနေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အခုလို ကူညီပံ့ပိုးရတဲ့ရည်ရွယ်ချက်ကတော့ ဒီယက္ကန်းဟာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုလည်းဖြစ်တယ်။ ဘိုးဘွားဘီဘင်တွေ လက်ထက်ထဲက ယက္ကန်းဆိုတာကရှိခဲ့တာ။ ဒါနဲ့ အသက်မွေး၀မ်းကြောင်းပြုနေရတဲ့ လူတွေလည်းဖြစ်လို့ ကူညီပေးဖြစ်တာ။ ယက္ကန်းခတ်တဲ့ လုပ်ငန်း ဆိုတာက နောင်တစ်ချိန်မှာ ပျောက်ကွယ်သွားနိုင်တယ် အခုလိုမျိုး မီးတွေအရှို့ခံရတဲ့အခါတွေမှာပေါ့။ ဒါတွေကို မပပျောက်အောင်နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ထိန်းသိမ်းရာရောက်အောင် ကူညီပံ့ပိုးပေးဖြစ်တာပါ” လို့ မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ (S&C) မှ တာ၀န်ရှိသူ တစ်ဦးကပြောပါတယ်။
ယခင်က လက်ယက္ကန်းစင် (၂၀) ခု လှူဒါန်းပေးနိုင်ခဲ့ပြီး (S&C) အနေနဲ့ မတ်လ အတွင်းမှာ လက်ယက္ကန်းစင် နောက်ထပ် (၁၀) ခု ထပ်လှူမှာဖြစ်ပြီး နောက်လတွေမှာလည်း လှူဒါန်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးလိုက်တဲ့ မီးဘေးသင့်နေရာတွေမှာ မြေပြင်လိုအပ်ချက်တွေ များစွာရှိနေတဲ့အတွက် ပြည်တွင်းပြည်ပမှ အလှူရှင်တွေအနေနဲ့ ပါ၀င်ကူညီ လှူဒါန်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – S&C