မတ်လ (၁၅) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အား (၃)လကျော်ကြာ ပြတ်တောက်နေတာကြောင့် ထိုင်းနိုင်ငံကဓာတ်အားလိုင်းကို သုံးစွဲနေရတဲ့အတွက် ငွေကြေးကုန်ကျမှု ပိုများလာတဲ့အပြင် မီးအားမတည်မငြိမ်မှုတွေရှိနေတာကြောင့် အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ယခင်က ထိုင်းမီးသုံးစွဲသူတွေက တစ်ယူနစ်ကို ၈ ဘတ်သားပေးဆောင်ရပြီး လက်ရှိမှာတော့ တစ်ယူနစ်ကို ၁၀ ဘတ်ထိပေးဆောင်နေရတယ်လို့ မြဝတီမြို့မှာ ထိုင်းမီးသုံးစွဲနေသူ တစ်ဦးကအခုလို ပြောပါတယ်။
“အရင်က တယူနစ်ကို (၈) ဘတ်ပေးရတယ်။ အဲ့တာ ထိုင်းဘက်ကနေ တိုက်ရိုက်သွယ်တာပေါ့။ အခုတိုက်ရိုက်သွယ်ရင် တယူနစ်ကို (၁၀) ဘတ်ဖြစ်သွားပြီ။ မြဝတီမြို့တွင်းက လူတွေ ထိုင်းမီးကို လျှောက်မယ်ဆိုရင် အခုက မြန်မာငွေ သိန်း (၄၀) ကနေ သိန်း (၆၀)ထိ ပေးရတယ်။ အဲ့လိုမလျှောက်နိုင်တဲ့သူတွေက အရင်လျှောက်ပြီးသား လူတွေရဲ့ မီတာကနေ တဆင့်ခံ ပြန်ယူတာရှိတယ်။ အဲ့လိုယူရင် ပိုင်ရှင်ပေါ်မူတည်ပြီး တယူနစ်ကို (၁၅)ဘတ်ကနေ ဘတ် (၂၀)ထိ ပေးရတယ်” လို့ မြဝတီမြို့မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
ယခင်က ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို သွယ်ယူသုံးစွဲတာက မြန်မာလျှပ်စစ် ဓာတ်အားလိုင်းထက် ပိုကောင်းပြီး ယခုအခါမှာတော့ သုံးစွဲသူများပြားလာတဲ့အပြင် ထရန်စဖော်မာတွေ လျော့သွားတာကြောင့် မီးအားမတည်မငြိမ်မှုတွေဖြစ်နေပြီး သုံးစွဲသူတွေမှာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“အရင်တုန်းက ဖားကျောင်း၊ မဲကနယ်၊ ဝှေ့ရှမ်းအထိကို သွယ်လို့ရတယ်။ အခုက အဲ့မှာ အရင်ကပေးထားတဲ့ ထရန်စဖော်မာတွေကို ထိုင်းဘက်က ပြန်သိမ်းသွားပြီ။ အဲ့တာကြောင့် အခု အဲ့ဘက်တွေက ထိုင်းမီးလိုင်းသုံးမရတော့ပဲ မြန်မာမီးကိုပဲစောင့်သုံးနေရတယ်”လို့ နောက်ထပ်ဒေသခံ တစ်ဦးကပြောပါတယ်။
သင်္ဃန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံကနေ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးလွှတ်နိုင်ဖို့အတွက် ထရန်စဖော်မာပြင်ဆင်မှုတွေ ပြုလုပ်ပြီးတာ တစ်လရှိပြီးဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား ကိုတော့ ယခုချိန်ထိ ပေးလွှတ်နိုင်ခြင်းမရှိသေးဘူးလို့ မြဝတီမြို့ လျှပ်စစ်ဖြန့်ဝေရေးဌာနနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းထံမှ သိရပါတယ်။
“ဒီမြို့က အစိုးရရုံးတွေတောင်မှ ထိုင်းမီးလိုင်းကိုပဲ တယူနစ်ကို (၁၀) ဘတ် ပေးပြီးသုံးနေရတယ်။ မြန်မာမီးလိုင်းက ပြတ်တာ ၃ လ ကျော်ရှိပြီလေ။ အလုပ် လုပ်လို့အဆင်မှမပြေတာ”လို့ အစိုးရရုံးနဲ့ နီးစပ်သူတဦးထံမှ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ပိုင် တာဝါတိုင်တွေ၊ ထရန်စဖော်မာတွေပစ်မှတ်ထား တိုက်ခိုက်ခံရတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့က သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံကို Droneနဲ့ ဗုံးကြဲတိုက် ခိုက်ခံရပြီးနောက် ယခုလို ၃ လကျော်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက် နေတာလည်းဖြစ်ပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – Cj