စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်ဟာ နိုင်ငံအတွင်းမှာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေပါတယ်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့တဲ့ အရပ်သားပြည်သူတွေကို အင်အားသုံး အကြမ်းဖက်ရာကစလို့ ယနေ့အချိန်ထိ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၃၀၀၀ ကျော် ရှိနေပြီး၊ တိုက်ပွဲပဋိပက္ခအတွင်း သေဆုံးရတဲ့ အရပ်သား ၁၈၀၀ ကျော်ရှိနေတယ်လို့ AAPP နဲ့ ISP Myanmar က ထုတ်ပြန်တဲ့ ဒေတာတွေအရ သိရပါတယ်။ အဲ့ဒီထဲမှာ ကရင်နီပြည်နယ်အတွင်းက မိုဆိုဒေသခံတွေနဲ့ ခရီးသွား ၄၀ ကျော်ဟာလည်း ပါဝင်နေပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် (ခရစ်စမတ်အကြိုနေ့) က ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ အခုဆိုရင် ၁ နှစ်ကျော်ကြာခဲ့ပါပြီ။
“တရားစွဲလို့ သက်သေအဖြစ် စကားပြောပေးဖို့လိုရင် ကျမကို လာခေါ်လို့ရတယ်၊ ကျမ မကြောက်ဘူး၊ ဘယ်နိုင်ငံဖြစ်ဖြစ် ကျမလိုက်မယ်၊ ကျမယောကျာ်း မတရားသေခဲ့ရတာအတွက် ကျမ တရားမျှတမှု ပြန်လိုချင်တယ်၊ မင်းအောင်လှိုင် အာဏာရူးလို့ ဖြစ်ရတာ၊ ဒါကြောင့် သူတို့ကို တရားစွဲပြီး ဒီအမှုကို မြန်မြန်ပေါ်အောင် လုပ်ပေးပါ၊ ကျမကို လိုအပ်ရင်လဲ ဘယ်နိုင်ငံဖြစ်ဖြစ်ခေါ်လို့ရတယ်၊ ကျမတို့ပြည်သူတွေမှာ ဘာအမှားမှ မရှိလို့ ကျမလိုက်ရဲတယ်”
ဒီစကားကိုပြောလာတာကတော့ မိုဆိုဖြစ်စဥ်အတွင်း စစ်ကောင်စီသတ်ဖြတ်တာ ခံခဲ့ရသူ () ရဲ့ ဇနီးဖြစ်သူပါ။ ၂၀၂၃၊ ဇန်နဝါရီ ၃၀ ရက်က ကျမတို့အဖွဲ့သားတွေ မိုဆိုဒေသခံများနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဖြစ်စဥ်အပြီး ၁ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပေမဲ့ ကျူးလွန်ခံရသူ မိသားစုဝင်တွေအတွက်ကတော့ အခုချိန်ထိ ဖြေမဆည်နိုင်သေးတဲ့ စိတ်ဒဏ်ရာတခုဖြစ်နေဆဲ ဖြစ်သလို တရားမျှတမှုလည်း မရသေးတဲ့ အခြေအနေပါ။
စစ်ကောင်စီတပ်ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှု
၂၀၂၁ ခုနှစ်ရဲ့ ခရစ်စမတ်အကြိုနေ့က ကရင်နီပြည်နယ်၊ ဖရူဆိုရဲ့ လမ်းဆုံတနေရာမှာ လက်ပြန်ကြိုးတုပ် အသတ်ခံထားရတဲ့ မီးကျွမ်း ရုပ်အလောင်းတွေရဲ့အကြောင်းကို တစ်ကမ္ဘာလုံးက သိခဲ့ရပါတယ်။ လူ့အခွင့်အရေးကြိုးပမ်းသူတွေအတွက် ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှု တခုအဖြစ် သိကြရသလို ဒေသခံတွေအတွက်လည်း “မိုဆိုကိစ္စ” လို့ ကြားလိုက်တာနဲ့ ထိတ်လန့်မှု၊ ခံပြင်းမှု၊ ဝမ်းနည်းမှုတွေကို ဒီနေ့အချိန်ထိ ခံစားနေရတုန်းပါပဲ။
ဖြစ်စဥ်ရဲ့ အချက်အလက်တွေကို နယ်မြေအတွင်းက အဖွဲ့အစည်းတွေဖြစ်တဲ့ KSP ၊ KSCC တို့အပြင် Myanmar witness ၊ IIMM စတဲ့ အဖွဲ့များက သက်သေမှတ်တမ်း ယူနိုင်ဖို့ ကြိုးစားနေကြပါတယ်။
အဲ့ဒီနေ့က မီးရှို့တဲ့ ဖြစ်စဥ်မတိုင်ခင်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ဖမ်းပေမဲ့ လွတ်မြောက်လာခဲ့တဲ့ ကျွဲကျောင်းသားတဦး မျက်မြင်သက်သေအနေနဲ့ ရှိခဲ့ပါတယ်။ အဲ့ဒါအပြင် မိုဆိုဒေသခံ ရွာသားတဦးလည်း စစ်ကောင်စီတပ်ရှိရာနေရာကို ရှောင်လွှဲနိုင်ဖို့ကြိုးစားရင်း မီးရှို့ရာနေရာနဲ့ မျက်နှာခြင်းဆိုင်တောင်မှာ ရှိနေခဲ့ပါတယ်။
“ကျတော်စစချင်း စစ်တပ်ရောက်နေပြီလို့ ကြားတော့ ကျတော့်ရဲ့ အဝတ်အစား၊ အသုံးအဆောင် နည်းနည်းလောက်ကို တောထဲသွားဖွက်မလို့ ထွက်သွားတာ၊ အဲ့ဒီအချိန် ဖြစ်တဲ့နေရာရဲ့ မျက်နှာချင်း ဆိုင်ဘက်က တောင်ပေါ်ကိုရောက်တော့ မီးခိုးတွေ ထွက်လာတာတွေ့တာ၊ အဲ့ဒါနဲ့ ကျတော် စစ်တပ်က ရောက်နေပြီး မီးရှို့နေတာဖြစ်မယ်လို့တော့ ခန့်မှန်းမိလိုက်တယ်၊ ဘာတွေရှို့နေလဲတော့မသိဘူး၊ ပေါက်ကွဲသံတွေလည်းကြားနေရတယ်” လို့ အဲ့ဒီရွာသားက ပြောပြခဲ့ပါတယ်။
မီးလောင်တဲ့ ဖြစ်စဥ်ဟာ ဖရူဆို၊ မိုဆိုမှာ နေ့လည် ၁ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်ဆိုတာကို NASA ရဲ့ ဓာတ်ပုံတွေအရလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ရုပ်အလောင်းတွေဟာ လောင်ကျွမ်းပျက်စီးနေတာ ကြောင့် သေဆုံးခဲ့တဲ့ သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သိနိုင်ဖို့တော့ ခက်ခဲခဲ့ပါတယ်။
အသတ်ခံရသူတွေထဲမှာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ (ရုပ်အလောင်းရဲ့ သွားအခြေအနေအရ ဆယ်နှစ်အောက်မငယ်၊ ၁၈ နှစ်ထက်မကြီးသော) အသက်မပြည့်သေးတဲ့ မိန်းကလေး ၁ ဦး ပါဝင်တာကို အတည်ပြုနိုင်ခဲ့ပေမဲ့ အတည်မပြုနိုင်တဲ့ မီးကျွမ်းအရိုး၊ အသားတွေလည်း ရှိခဲ့ပါတယ်။ ကလေးငယ်တွေ ပါမပါကို သီးသန့်အတည်မပြုနိုင်ခဲ့ပေမဲ့ ကလေးအရိုးလို့ ယူဆရတဲ့ အရိုးစုများကိုလည်း တွေ့ရပါတယ်။
အလောင်းခွဲစိတ်ရမှာ ပါဝင်ခဲ့တဲ့ Dr O ရဲ့ ပြောပြချက်အရတော့ ရုပ်အလောင်းအများစုဟာ လက်ပြန်ကြိုးတုတ်ခြင်းခံထားရပြီး အချို့ရုပ်အလောင်းတွေရဲ့ ပါးစပ်မှာတော့ အဝတ်စများ ထိုးထည့်ခံထားရပါတယ်။ မလောင်ကျွမ်းတဲ့ နေရာများမှာ ထိုးသွင်းဒဏ်ရာနဲ့ ကျည်ပေါက်ဒဏ်ရာတွေလည်း ရှိပါတယ်။ အများစုဟာ အသတ်ခံရပြီးမှ မီးစုပုံရှို့ခဲ့တာလို့ ဆရာဝန်က ယူဆပါတယ်။
“ကျတော် စစ်ဆေးတွေ့တာတော့ ရုပ်အလောင်းတွေက မီးရှို့သတ်ခံရရင် ဖြစ်ရမဲ့ Pugilistic Position မဖြစ်နေဘူး၊ ပြီးတော့ လည်ပြွန်နဲ့ အဆုတ်လမ်းကြောင်းတွေမှာ မီးခိုး ရှုရှိုက်ထားတဲ့ လက္ခဏာ မရှိနေဘူးပေါ့၊ ဒါကြောင့် သတ်ခံရပြီးမှ မီးလောင်တာလို့ ယူဆနိုင်တယ်၊ ဒါပေမဲ့ ရုပ်အလောင်း ၄ ခုမှာတော့ မီးခိုးရှူရိုက်ထားတဲ့ လက္ခဏာတွေ့ရတယ်၊ သူတို့တွေကတော့ မီးရှို့ခံရတဲ့အချိန် ဒဏ်ရာနဲ့မသေသေးတာ၊ ဒါမဟုတ် မီးရှို့သတ်ခံရတာ ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ Progressive Voice က ဒါရိုက်တာ မခင်ဥမ္မာက ပြောပါတယ်။
“ဒီအမှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလည်း မြောက်နိုင်တယ်၊ အဓိကက သက်သေအထောက်အထားရဖို့ပေါ့၊ ကျမတို့ ပြည်တွင်းမှာ ရှိတဲ့ မျက်မြင်သက်သေတွေ၊ ကရင်နီမှာ စုဆောင်းထားတဲ့ သက်သေအထောက်ထားတွေက နိုင်ငံတကာဥပဒေတွေကြည့်ပြီးတော့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ရှိရင် စစ်ရာဇဝတ်မှုအနေနဲ့ တရားစွဲလို့ရတယ်”
စစ်ကောင်စီကျူးလွန်ကြောင်း သက်သေအထောက်အထားများ
အဲ့ဒီ မိုဆိုဖြစ်စဥ်အတွင်း ပျောက်ဆုံးနေတဲ့ သေဆုံးသွားပြီလို့ယူဆရတဲ့ အရပ်သား ၄၀ ကျော်ရှိပေမဲ့ အတည်ပြုနိုင်တဲ့သူကတော့ Save the children က ဝန်ထမ်း ၂ ဦးအပါအဝင် ၃၁ ဦး ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ မီးလောင်ပြင်နဲ့ ပေ ၁၀၀ ခန့်အကွာမှာ ကလလတ နယ်ခြားစောင့်တပ် (BGF) ရဲဘော် ၄ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ ရုပ်အလောင်းများအနီးမှာ ကပစ ကျည်ခွံတွေ တွေ့ရပြီး ဒါဟာ စစ်ကောင်စီရဲ့ မြန်မာ့တပ်မတော်က ထုတ်တဲ့ လက်နက်ဖြစ်တယ်လို့ KSP က ကောက်ချက်ချပါတယ်။
သက်သေအချက်အလက်စုဆောင်းသူတွေဟာ ရနိုင်သမျှ အချက်အလက်တွေကို စုဆောင်းနေကြပြီး ဖြစ်စဥ် နေရာအနီး စစ်ကောင်စီတပ်ရဲ့ ခလရ စခန်းတွေ ရှိနေခြင်းဟာ ထည့်တွက်ရမဲ့ အကြောင်းအရာတခုလို့ Myanmar wittness က သတင်းဗွီဒီယိုမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့များက ဒီဖြစ်ရပ်ဟာ စစ်တပ်ရဲ့ တပ်မ ၆၆ ခလရ ၁၀၈ တပ်ရင်း က ကျူးလွန်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်းက သေးဆူလဲ တိုက်ပွဲမှာ တပ်မ ၆၆ က တပ်ကြပ် ၁ ဦးအပါအဝင် တပ်သား ၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီရမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ သုံ့ပန်းအနေနဲ့ ရခဲ့တာကြောင့် တရားရုံးမှာ သက်သေအဖြစ် သုံးဖို့ ခက်ခဲတယ်လို့ ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဗညားက ပြောပြပါတယ်။
“ဒီသုံ့ပန်းတွေကို ကျတော်တို့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်တာကတော့ လုပ်လို့ရပါတယ်၊ ဒါပေမဲ့သူတို့ကို တရားစွဲတဲ့နေရာမှာ သက်သေအဖြစ် ပြောစေဖို့ဆိုတာကတော့ ခက်ပါတယ်၊ ဘာလို့ဆို သူတို့က စစ်ပွဲမှာ ဖမ်းမိတဲ့ သုံပန်းတွေဖြစ်နေလို့ပါ၊ ဆိုတော့ သူတို့အနေနဲ့ မေးမြန်းတဲ့အခါမှာ ဖြေတာလည်းရှိမယ် အကြောင်းကြောင်းကြောင့် မဖြေရဲတာလဲရှိမယ်ပေါ့၊ ခိုင်လုံမှုမရှိနိုင်ဘူးဖြစ်တာပေါ့၊ တကယ်လို့သာ ဖမ်းမိတာမဟုတ်ပဲ အဲ့ဒီတပ်ထဲက တပ်သားက ဝင်ခိုလှုံလာတာ၊ CDM ဝင်လာတာဆိုရင်တော့ ဖြစ်နိုင်ချေရှိတာပေါ့”
တရားစွဲဖို့ ကြိုးစားနေကြတဲ့အခြေအနေ
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာက တိုင်ကြားတဲ့အတွက် ICJ တရားရုံးက စစ်ဆေးဖို့ လက်ခံခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ အခြေအနေမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ အခုလို အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်တော့ ICC မှာ အမှုဖွင့် အရေးယူလို့မရသေးဘူးလို့ Progressive Voice က ဒါရိုက်တာ မခင်ဥမ္မာက ရှင်းပြပါတယ်။
“နိုင်ငံတကာရာဇဝတ်မှုအရ ICC မှာ တရားစွဲတယ်ဆိုတာက လုံခြုံရေးကောင်စီက လွှဲပေးရတယ်ပေါ့၊ လုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေတယ်၊ ICC က တရားစီရင့်ဖို့လုပ်ပါလို့ လွှဲပြောင်းပေးရတယ်၊ အဲ့လို မဟုတ်ပဲ ICC က တိုက်ရိုက်တရားစွဲဖို့ဆိုရင်က အဲ့ဒီနိုင်ငံဟာ Roman Statue လို့ခေါ်တဲ့ ရောမဥပဒေစာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ရမယ်၊ မထိုးထားဘူးဆိုရင်လည်း သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က နိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတွေ စစ်ရာဇဝတ်မှုကျူးလွန်ခံနေရတာကို မကာကွယ်နိုင်တော့ဘူး ICC က ဝင်ရောက်ပြီးတရားစီရင်မှုလုပ်ပေးပါလို့ အကူအညီတောင်းခံတယ်ဆိုရင်လဲ ICC က လက်ခံမယ်ဆိုရင် ရတယ်၊ အခု ဖြစ်စဥ်မှာကျတော့ မြန်မာနိုင်ငံက ရောမစာချုပ်ကို လက်မှတ်ထိုးထားခြင်း မရှိဘူး၊ ယာယီသမ္မတကနေပြီးတော့ လက်မှတ်ထိုးပြီး အကူအညီတောင်းခံထားတာကိုလည်း ICC က မတုံ့ပြန်သေးဘူး။ ဆိုတော့ ICC မှာ တရားစွဲလို့ မရဘူးပေါ့၊”
“ဒီအခါမှာ ကျမတို့လုပ်လို့ရတာက Universal Jurisdiction ပေါ့၊ UJ လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးက အမှုကိုလက်ခံတယ်ဆိုရင်တော့ ရမယ်ပေါ့၊ ဆိုတော့ ဩစတြေးလျလား၊ နယူးဇီလန်လား အဲ့လိုနိုင်ငံတစ်နိုင်ငံက လက်ခံတယ်ဆိုရင် အဲ့ဒီနိုင်ငံမှာရှိတဲ့ တရားဥပဒေစနစ်တွေ၊ ပြီးတော့ ဘယ်သူတွေ ကဦးဆောင်ပြီး အမှုဖွင့်ကြမလဲ၊ စသဖြင့် လုပ်ရတာပေါ့၊ အဲ့ဒီအခါမှာလည်း ကျမနားလည် သလောက်ဆိုရင် ဒီလို ဖရူဆို case တခုတည်းအတွက် သီးခြားတင်တာက ပိုခက်လိမ့်မယ်ပေါ့၊ စစ်အုပ်စုက နိုင်ငံအနှံ ဒီလိုလုပ်ရပ်တွေ ကျူးလွန်နေတာပဲဆိုတော့ အလားတူဖြစ်ရပ်တွေကို စုပြီး အမှုတင်ရတဲ့အခါ ပိုပြီး အလုပ်ဖြစ်နိုင်မယ်ပေါ့”
ဖြစ်စဥ်အပြီး သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျမှာ တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဗညား တို့ကလည်း ဂျာမဏီတရားရုံးမှာ တင်ထားပြီး တရားရုံးက အမှုလက်ခံခြင်းရှိမရှိ အကြောင်းပြန်တာကို စောင့်စားနေတဲ့ အခြေအနေလို့ ပြောပြပါတယ်။
“ကျတော်တို့ပြည်နယ်မှာဆိုရင် ကျတော်တို့အဖွဲ့ပါတယ်ပေါ့၊ ပြီးတော့ တခြားအမှုတွေပါတော့ နောက်ထပ်လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေနဲ့အတူပေါင်းပြီး တင်ထားတယ်ပေါ့၊ လုပ်ငန်းဖော်ဆောင် နေဆဲလို့ ပြောရမယ်၊ ကျတော်တို့ရဲ့ complaint filing ကိုတော့ ဂျာမဏီတရားရုံးကို တင်ထားပါတယ်၊ ဒါပေမဲ့ ကျတော်သိသလောက်ဆိုရင် တရားရုံးက universal jurisdiction process အရ အမှုကို လက်ခံ၊မခံကို အကြောင်းပြန်လာဖို့ကလဲ အချိန်တခုတော့ စောင့်ရမယ်ပေါ့၊ အချိန်တခု ပြီးရင်တော့ တရားရုံးက ဘယ်အမှုကိုတော့ လက်ခံတယ်၊ ဘယ် filing ကိုတော့ လက်မခံဘူး ဆိုပြီး အကြောင်းပြန်လာမယ်ပေါ့၊ အဲ့ဒီအခါကျ လိုအပ်တဲ့ စုံစမ်းမေးမြန်းမှုတွေကို ဆက်လုပ်သွားပါမယ်” လို့ လက်ရှိအခြေအနေကို ရှင်းပြခဲ့ပါတယ်။
အခုဆိုရင် မိုဆိုဒေသရဲ့ မီးလောင်ပြင်ဟာ တနှစ်ကျော်ကြာနေပြီဖြစ်ပေမဲ့ မိသားစုဝင်တွေအတွက်တော့ တရားမျှတမှုရနိုင်ဖို့ မဆိုထားလင့်၊ စိတ်ဒဏ်ရာတွေနဲ့ စစ်ရှောင်နေရဆဲ၊ ရုန်းကန်နေရဆဲ၊ အခြေအနေဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ အလားတူ စစ်ရာဇဝတ်မှုတွေကို နေရာမရွေး၊ ကလေး လူကြီးမကျန် ပြောင်ပြောင်တင်းတင်း ကျူးလွန်သတ်ဖြတ်နေဆဲပါပဲ။
Karenni Voice