မတ် (၁၅) ရက်၊ ၂၀၂၃ ခုနှစ်
ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်ကလေးငယ်တွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေတာ တွေ့ခဲ့ရတယ်လို့ စစ်ရှောင်တွေ ပြောင်းရွေ့ရေးကူညီပေးနေတဲ့ JFK အဖွဲ့ထံက သိရပါတယ်။
“အဲဒါ ရေယုန်အကြီးစားလို့ သိရတယ်။ ကျတော်တို့ ကျန်းမာရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ရအောင်ကုမယ်။ ကိုယ်တိုင်တွေ့ခဲ့ရတာ ဆယ်ယောက်ဝန်းကျင်လောက် ရှိတယ်။ ရေမသန့်လို့ ဖြစ်မယ်ထင်တယ်။” လို့ JFK အဖွဲ့ဝင်တဦးက Karenni’s Voice ကို ပြောပါတယ်။
နဂိုကပင် ရေရှားတဲ့ နယ်မြေဖြစ်တဲ့အပြင် စစ်ကောင်စီရဲ့ မြေပြင်ထိုးစစ်များနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် တပတ်ခန့်ကြာအောင် ပုန်းအောင်းထွက်ပြေးရတာကြောင့် သန့်ရှင်းတဲ့ သောက်သုံးရေမရရှိဘဲ အခုလို ဖြစ်ရတယ်လို့ ဆိုပါတယ်။
ပင်လောင်းမြို့နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ဦးရေ ၄,၀၀၀ ကျော်မှာလည်း ရေရှားပါးမှု၊ နေရာထိုင်ခင်းခက်ခဲမှုတွေကြောင့် ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေ ခံစားနေရကြောင်း မိုးဗြဲ Rescue Team ထံက သိရပါတယ်။

“ဒါတွေက နေရာကျဉ်းကျဉ်းလေးထဲ လူတွေအများကြီး ပြွတ်သိပ်နေရတော့ သန့်ရှင်းမှုအားနည်းတာပေါ့၊ အသက်လုပြေးနေရချိန်မှာလည်း သေချာဂရုမစိုက်နိုင်တာ ဖြစ်တယ်လေ။ အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ လူတွေက နေရာကျပ်နေတာဆိုတော့ ကူးစက်မြန်မှာကိုတော့ စိုးရိမ်ရမယ်။” လို့ CDM ကျန်းမာရေးလုပ်သားတဦးက မှတ်ချက်ပြုပါတယ်။
ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီဟာ မတ် (၇) ရက်က စတင်ပြီး အင်အား (၂၀၀)ကျော်ရှိတဲ့ စစ်ကြောင်း (၃) ကြောင်းနဲ့ ထိုးစစ်ဆင်လာပါတယ်။ မတ် (၁၁) ရက် ညနေ ၅:၃၀ အချိန်ခန့်မှာ MI-35 တစင်းနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့ပြီး မတ် (၁၄) ရက် ညနေပိုင်းမှာလည်း လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ယနေ့ထိလည်း အရပ်သား (၁၂) ဦး ထက်မနည်းကို ဖမ်းဆီးထားပါတယ်။ အရပ်သား (၅၀၀၀) ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။


Photo – JFK