မတ်လ (၁၄) ရက်၊ ၂၀၂၃ ခုနှစ်
ရှမ်းပြည်နယ်၊ ကယားနယ်စပ် မိုးဗြဲမြို့အရှေ့ဘက်ကမ်းရှိ တောင်ပေါ်စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ် တပ်မ (၆၆) မှ အင်အား (၅၀) ဝန်းကျင်နဲ့ စစ်ကြောင်းထိုး၀င်ရောက်လာပြီး စခန်းမှ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အချို့ကို မတ်လ ၁၂ ရက်နေ့ မနက် ၆ နာရီ နဲ့ ၇ နာရီ အချိန်ခန့်မှာ ဖမ်းဆီးသွားခဲ့တယ် လို့သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ စစ်ဘေးရှောင်တွေကို ကယ်ဆယ်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDF တပ်ရင်း −၂ ၊ KNDF B-03 နဲ့ URF ပူးပေါင်းတပ်တွေမှ မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီမှ ည ၇ နာရီ အထိ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ဖယ်ခုံ (၄၂၂) တပ်မှ လက်နက်ကြီးအမြောက်အများ ပစ်ကူပေးတဲ့အပြင် ညနေ ၅ နာရီခွဲခန့်မှာလည်း တိုက်လေယာဉ် နှစ်စီးနဲ့ ၃ ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ စစ်ဘေးရှောင်ပြည်သူအချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုကာ အသက် ၈၁ နှစ်အရွယ် ဒေါ်မူလူး၊ အသက် ၇၈ နှစ်အရွယ် ဦးလှငြိမ်း တို့သက်ကြီးရွယ်အို ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ၇ တန်းကျောင်းသား အသက် ၁၅ နှစ်အရွယ် မော်ကျော်ဟူး ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပြင် ဖယ်ခုံ PDF တပ်ရင်း −၂ မှ ရဲဘော်တစ်ဦး နဲ့ KNDF B-03 မှ ရဲဘော် ၂ ဦး တို့ မြင့်မြတ်စွာကျဆုံးခဲ့တယ် ဖယ်ခုံ PDF တပ်ရင်း −၂ မှ သတင်းထုတ်ပြန်ထားပါတယ်။
“ဖမ်းဆီးခံ စစ်ဘေးရှောင် ၁၀ ဦးထဲမှာမှ ၃ ဦးကတော့ ၁၂ ရက်နေ့ည မှာ ပဲ မီးရှို့အသတ်ခံရတယ်လို့ ယူဆရတယ်။ ကျန်တဲ့စစ်ဘေးရှောင်ထဲက တစ်ဦးကတော့ ညဘက်မှာထွက်ပြေးလွတ်မြောက်သွားပီး ကျန်တဲ့သူတွေကတော့ ၁၃ ရက်နေ့မနက်မှ လွတ်မြောက်တယ်” လို့ ဖယ်ခုံ PDF တပ်ရင်း−၂ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ကိုကိုပီတာက ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အလောင်း ၄ လောင်းနဲ့ စစ်အသုံးအဆောင် တစ်ချို့ကို သိမ်းဆည်းရမိပြီး တပ်ကြပ်ကြီး အဆင့် နဲ့ ဒု−တပ်ကြပ် အပါအ၀င် အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့သလို အရေအတွက်အတိအကျကိုတော့ အတည်ပြုနိုင်ရန်ကြိုးစားနေဆဲ ဖြစ်တယ်လိုလည်းသိရပါတယ်။
သတင်း – မေမီမင်းညို
ဓာတ်ပုံ – ဖယ်ခုံ PDF တပ်ရင်း ၂