မတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ပေါ်က မြို့အဝင်အထွက်ဂိတ်တွေမှာ ပြည်သူတွေကို ကင်းစောင့်ခိုင်းဖို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အတင်းအကြပ် ဖိအားပေးခိုင်းစေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ်လ ၁၃ ရက်နေ့က ကင်းစောင့်ဖို့ တပ်ကုန်းရပ်ကွက်မှာ အစည်းအဝေးခေါ်ပြီး ကျွန်းလှမြို့ပေါ်မှာလဲ စစ်ကောင်စီတပ်သား အနည်းငယ်သာရှိတာကြောင့် ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေအပေါ် အနိုင်ကျင့်ဖိနှိပ်မှုတွေ လုပ်ဆောင်နေပြီး၊ ကင်းမစောင့်နိုင်ရင် တစ်အိမ်ထောင်ကို ၁ သောင်း ပေးဆောင်ရမယ်လို့ ခြိမ်ခြောက်ပြောဆိုမှုတွေ ရှိနေတယ်လို့သိရပါတယ်။
“မြို့ကတော့ တစ္ဆေခြောက်ရမတတ်ပဲ၊ မြို့အဝင်အထွက်လဲမခံတော့ အရောင်းအဝယ်လဲမဖြစ်ဘူး လက်လုပ်လက်စားသမား ဈေးဆိုင်တွေလဲအဆင်မပြေ ဒီမြို့က ဈေးရောင်းဈေးဝယ်လုပ်တာပဲ အားကိုးနေရတဲ့မြို့ တကယ်လို့မသွားချင်ရင် ပိုက်ဆံတစ်သောင်းပေးရမယ်ဆိုတော့ ခက်ခဲတယ်၊ ပေးနိုင်ရင်လဲ ပိုက်ဆံရှိတဲ့သူလောက်ပဲပေးနိုင်မယ် တစ်နေ့လုပ်တစ်နေ့စားတွေအနေနဲ့ အခက်ခဲ ကြုံနေရတယ်”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေဟာ စစ်ကြောင်းထိုးပြီးအပြန်မှာလည်း ပြည်သူတွေကနေ ခိုးယူလာတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုရောင်းချပြီး ခွဲဝေတာတွေပြုလုပ်နေတဲ့အပြင် မြို့ပေါ်မှာလဲ ၆ ကောင်ဝိုင်း ၄ ကောင်ဝိုင်းနဲ့ တင်ပိုလာလောင်းကစားနည်းတွေကို လက္ဖက်ရည်ဆိုင် တော်တော်များများမှာ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
ကျွန်းလှမြို့မှာ ရွှေ ၊ ရေနံနဲ့ ကျွန်းသစ်တွေပေါတာကြောင့် ဒေသတွင်း အလုပ်အကိုင်တွေ ပေါများသလို အာဏာမသိမ်းခင်က အရောင်းအဝယ်စီးပွားရေးကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး အခု မတ်လ ၁ ရက်နေ့မှာ မြို့အဝင်အထွက်မှာ ဂိတ်ချပိတ်ဆို့ထားတဲ့အပြင် ပြည်သူတွေမှာ ခြိမ်းခြောက်ငွေညစ်မှုတွေ ခံနေရတာကြောင့် အခက်အခဲနဲ့ နေဆိုင်နေရတာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
Photo – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့