မတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတာကြောင့် အ.ထ.က (၁) အနီးတစ်ဝိုက်နဲ့ မြို့တွင်းမြို့ပြင်မှာ အစစ်အဆေးတွေ အရင်ကထက် တင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ မတ်လ ၈ ရက်နေ့ကစပြီး တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ကျင်းပခဲ့တာဖြစ်ပြီး ကော့ကရိတ်မြို့ အ.ထ.က(၁) ကျောင်းမှာလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျင်းပနေတာကြောင့် ကျောင်းအနီးအနားပတ်ဝန်းကျင်နဲ့ ကော့ကရိတ်မြို့ဝင်ဂိတ်တွေမှာ အစစ်အဆေးတွေအရင်ကထက် ပိုပြီးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“စာမေးပွဲဖြေတော့ လုံခြုံရေးက အရင်ကထက်တင်းကြပ်တယ်လေ၊ စာဖြေဆောင်က ထ(၁) တစ်ခုဘဲရှိတာ၊ ကျောင်းနားမှာလည်း လုံခြုံရေးအပြည့်ချထားတယ်၊ မြို့အဝင်မြို့အထွက်ရောကြပ်တယ်၊ ဆိုင်ကယ်ရော၊ ကားရောအမေးအမြန်းထူတယ်၊ ဘယ်သွားမှာလည်းဘာလည်းပေါ့၊ ဆိုင်ကယ်ဆိုရင် တူးဘောက်တွေရှာတယ်၊ ကားတွေဆို လိုင်စင်စစ်တယ်” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ညက သင်္ဃန်းညီနောင်မှာရှိတဲ့ ပင်မထရန်စဖော်မတိုက်ခိုက်ခံရတာကြောင့် ကော့ကရိတ်မြို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူတွေက ဖယောင်းတိုင်မီး၊ ဘတ်ထရီမီးနဲ့ မီးစက်နှိုးပြီးစာကျက်နေကြရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၇၉၈၄၃ ဦးနဲ့ စာစစ်ဌာန ၈၆၃ ခုရှိပြီး ကရင်ပြည်နယ်မှာ စာမေးပွဲဖြေဆိုသူ ၂၈၅၁ ဦးနဲ့ စာစစ်ဌာန ၁၃ ခုရှိတယ်လို့ စစ်ကောင်စီတပ် လက်အောက်ခံ အခြေခံပညာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေချိန်မှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ မကြားရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားပြီးနောက် ညနေ ၆ နာရီကျော် အပြင်ထွက်သူတွေကို အမေးအမြန်းမရှိဘဲ ဖမ်းဆီးစစ်ဆေး ထောင်ချတာတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
Photo – Cj