မတ်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ထဲကို စစ်ကောင်စီတပ်က ညဘက်တွေမှာ ဆိုင်ကယ်၊ ကား တွေနဲ့ပတ်ပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ကျုံဒိုးမြို့အနီးနားကရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ ထိပ်လန့်နေကြရတယ်လို့ သိရပါတယ်။
မတ်လ ၈ ရက်နေ့ကစပြီး ကျုံဒိုးမြို့ထဲကို BGF ကားတစ်စီးနဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ် ၁၀ စီးလိုက်ပါပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေကာ ကျုံဒိုးမြို့နားက ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျုံဒိုးမြို့ထဲမှာဆိုရင် အရှေ့ကနေ BGF ကားတစ်စီးနဲ့ အနောက်ကနေ ဆိုင်ကယ် ၁၀စီး ၁၁စီး လောက် ရှိတယ်ကွာ သူတို့လိုက်ပတ်တာပေါ့၊ သူတို့လိုက်ပတ်ပြီးတော့ သေနတ်နဲ့လည်းပစ်တယ်ကွာ၊ မြို့ပြင်ဘက်ကနေလည်း အလုံးကြီးပစ်သံတွေကြားနေရတယ်၊ သူတို့လိုက်ပတ်တဲ့အခါကျရင် ပါးစပ်ကနေလည်း အော်သွားသေးတယ်ကွာ၊ သေမှာမကြောက်လို့ အပြင်ထွက်တာတဲ့” လို့ ကျုံဒိုးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောက်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ကျုံဒိုးမြို့မှာ ညဘက် ၆ နာရီ ကျော်ရင် အသွားအလာမရှိတော့ဘဲ မြို့အနီးနား ကျေးရွာတွေက ဈေးသည်တွေလည်း ဈေးလာမရောင်းရဲကြဘူးလို့ သိရပါတယ်။
ကျုံဒိုးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၄၅၊ ၅၄၆ တပ်ဘက်ကနေ ကျုံဒိုးမြို့ အနီးနားက ကျေးရွာတွေဖြစ်တဲ့ ကမ်းနီ၊ ညောင်ရိပ်သာ၊ ကော့ဘိန်းနဲ့ ကော့ပေါက်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတာကြောင့် ဒေသခံတစ်ချို့မှာ နေအိမ်တွေမှာမအိပ်ရဲကြဘဲ ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့အိပ်နေကြရတယ်လို့ သိရပါတယ်။
ကျုံဒိုးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ နေအိမ်မီးရှို့ခံရတာတွေ ရှိနေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သတင်း – ကိုဖြိုး
Photo – Cj