မတ်လ (၁၁) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၁ လ အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာပေါင်း ၆ ရွာ က နေအိမ်ပေါင်း ၃၀၂ လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ခမရ ၃၆၈ တပ်စစ်ကြောင်းက စစ်ရှောင် ၂ ဦးကိုလဲ မီးရှို့သတ်ဖြတ်သွားတယ်လို့သိရပါတယ်။
အခုလို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့အပြင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် ကိုးတောင်ဘို့ဈေးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ၆ ပေပတ်လည် ဆိုင်ခန်းပေါင်း ၃၇၁ ခန်း၊ ဘူတာအနီးက ဈေးဆိုင်တန်း အလုံး ၅၀ မီးလောင်ပျက်စီးခဲ့တဲ့အပြင်၊ ထန်းကုန်းတိုက်နယ် သင်ပေါင်းကျေးရွာနဲ့ ညောင်ဇင်ကျေးရွာက ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အသက် ၁၅ နှစ် အရွယ်ကလေး ၁ ဦး မိုင်းထိသေဆုံးခဲ့ပါသေးတယ်။
“ကန့်ဘလူမှာတော့အမြဲစစ်ကြောင်းထိုးနေတဲ့ ရွာ ၁၀ ရွာ လောက်ရှိတယ် များတယ် ကျွန်းလှမှာတော့ ၂ နေရာလောက်ပဲရှိတယ်။ တချို့ရွာတွေဆိုရင်လည်း လုံးဝကိုပျက်စီးသွားတာ ချပ်သင်းတိုက်နယ် ထဲက ရွာသားတွေလဲ ရွာထဲပြန်မဝင်ဝင်ကြတော့ပဲ တောထဲမှာပဲနေကြတော့တယ်။ တချို့ရွာတွေကျတော့လဲ စစ်တပ်က စစ်ကြောင်းထိုးရင် နီးစပ်ရာတောထဲတွေမှာနေနေရတယ်။ စစ်ကြောင်းပြန်ရင်တော့ ရွာထဲပြန်ဝင်ကြတာပေါ့” လို့ မြေပြင်ကူညီစောင့်ရှောက်ပေးသူတစ်ဦးကပြောပါတယ်။
ကိုးတောင်ဘို့တိုက်နယ် ကြခတ်အိုက်ရွာက ရွာသား ၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီး ယခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့အပြင် စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာကိုထွက် ပြေးတိမ်းရှောင်း နေကြရတာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
Photo – ကျွန်းလှ ကန့်ဘီလူး တက်ကြွလှုပ်ရှားသူများအဖွဲ့