Site icon People’s Radio Myanmar

ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်အမျိုးသမီး ၁ ဦး မြွေကိုက်ခံရ

မတ်လ (၁၁) ရက်၊ ၂၀၂၃ ခုနှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ်က အသက် ၂၀ အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဦး မြွေကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြွေကိုက်ခံရတဲ့အမျိုးသမီးဟာ မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန်မှာ လယ်ကွင်းမှာချည်ထားတဲ့နွားတွေကို စစ်ရှောင်စခန်းကို ပြန်ခေါ်လာချိန် မြွေကိုက်ခံရတာဖြစ်ပြီး ထိုအမျိုးသမီးကို မြွေဆိပ်ဖြေဆေး BPI 4 လုံးထိုးပေးပြီး အချိန်မှီကုသပေးနိုင်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“ဘာမြွေဆိုတာတော့ မသိပါဘူး၊ မြွေမရလိုက်ပါဘူး၊ အဲ့ဘက်နယ်မှာက မြွေပွေးနဲ့ မြွေဟောက် အပေါဆုံးပဲ၊ အခုတော့စကားပြောနိုင်ပြီး၊ 80 ရာခိုင်နှုန်းလောက်တော့သက်သာနေပြီး၊ မနက်ဖန်လောက် ဆိုရင်တော့စိတ်ချရပြီး”လို့ ဆိုပါတယ်။

ကိုးတောင်ဘိုတိုက်နယ်က ရွာတွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့တာ၊ စစ်ကြောင်းထိုးတာတွေကို မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်တာ ၁ နှစ်နီးပါ ကြာမြင့်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း စစ်ရှောင်စခန်းက အသက် ၅၃ နှစ်အရွယ်နဲ့ အသက် ၂၄ နှစ် အရွယ် အမျိုးသမီး ၂ ဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အာဏာသိမ်းပြီး နောက်ပိုင်း ယခုချိန်ထိ ပိုးထိလူနာပေါင်း ၅၀ နီးပါးရှိလာနေပြီဖြစ်ပါတယ်။

သတင်း – နော်ဖူးဖူး

Photo – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

Exit mobile version