မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်က ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော် (၁) ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။
မတ်လ ၉ ရက်နေ့ မှာ အင်အား ၅၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနက် ၇ နာရီ ၃၀ ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွာခဲ့ပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၉ နာရီ ၃၀ မိနစ်အချိန်လောက်မှာ မုံရွာ နမခက Mi 35 ရဟတ်ယာဥ် နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲဘော် ၁ ဦး ဒဏ်သေဆုံးခဲ့တဲ့အပြင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်ကပြောပါတယ်။
“အရင်ကတည်းက ရဲကင်းပုံစံမျိုး ရှိနေတာ၊ အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်တပ်နဲ့ရဲ ပေါင်းလိုက်တာ၊ သူတို့ဘက်က အထိအခိုက်တော့ စုံစမ်းနေဆဲပဲဗျ။ ရဲဘော် ၅ ယောက်ကတော့ ဒဏ်ရာရထားတယ် သိပ်တော့မစိုးရိမ်ရတော့ဘူး”လို့ ပြောပါတယ်။
ကျဆုံးခဲ့တဲ့ရဲဘော်ဟာ Black God ပြောက်ကျားတပ်ဖွဲ့က ရဲဘော် ဖြိုးဇာ (ခ) မောင်ဇာနည် ဖြစ်ပြီး ချက်ချင်း သင်္ဂြိုလ်ပေးလိုက်တယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်ကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုနဲ့ ဒဏ်ရာရရှိသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲကို Black God ပြောက်ကျားတပ်ဖွဲနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၀ ကျော် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အအုံတချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပေမဲ့ ကျည်မလုံလောက်မှုကြောင့် စခန်းမသိမ်းနိုင်ပဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ပြောပါတယ်။
Black God ပြောက်ကျားတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးချိန်ကစပြီး ယခုချိန်ထိ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ တိုက်ပွဲပေါင်း ၃၀ ကျော်ဖော်ဆောင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
Photo – Black God ပြောက်ကျားတပ်ဖွဲ့