မတ်လ (၉) ရက်၊ ၂၀၂၃ ခုနှစ်
Pale Jokers PDF တပ်ရင်းအနေနဲ့ လက်နက်အင်အားနည်းပါးခြင်း၊ ဘဏ္ဍာငွေကြေးအခက်အခဲတွေ ကြောင့် တိုက်ခိုက်ရေးလုပ်ငန်းတွေ ရပ်နားမယ်လို့ ၄င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မတ်လ (၆) ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။
တပ်ရင်းတစ်ရင်းကို သက်စောင့်အဖြစ် MOD မှ တပ်ဆင်ပေးထားသော အချိုးကျလက်နက်ကိုလည်း ယခုအချိန်ထိ တပ်ရင်းမှ လက်ခံရရှိခြင်းမရှိကြောင်းနဲ့ ယခင်က တိုက်ပွဲတွေဖော်ဆောင်ရာမှာလည်း ပြည်သူတွေလှူတဲ့ငွေနဲ့ လက်နက်များကို ကိုယ်တိုင်ထုတ်လုပ်ပြီး စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီတပ်ဒေါက်တိုင်တွေ ပြုတ်ကျစေရန်အတွက် တိုက်ပွဲတွေဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က ယင်းမာပင်ခရိုင် တပ်ရင်း (၁၉)၊ ပုလဲမြိုနယ်တပ်ရင်း (၈) ပါ။ NUG ရဲ့ တရား၀င်တပ်ရင်းပါ။ MOD ရဲ့ မူဘောင်တွေနဲ့အတူ ပ.က.ဖ ၊ ပ.အ.ဖ တွေနဲ့ ဆွေးနွေးညှိနှိုင်းပီးမှ တိုက်ပွဲတွေလုပ်ဆောင်ရတာပါ။ အခုချိန်ထိ လက်နက်မရရှိသေးပါဘူး။ ပြည်သူတွေလှူတဲ့ ပိုက်ဆံလေးတွေနဲ့ပဲ လက်လုပ်ခါးချိုး တူမီးသေနတ်၊ ၄၀ မမ၊ ၆၀ မမ နဲ့ တာဝေးပစ်ရော့ကတ်တွေ ကိုယ်တိုင်ထုတ်ပြီးပဲ တိုက်နေရတာပါ” လို့ Pale Jokers PDF ရဲ့ တပ်ရင်းမှူး ဗိုလ်ပုလဲက ပြောပါတယ်။
MOD မှ တော်လှန်ရေးအင်အားစုတွေကို လက်နက်ထောက်ပံ့ဖို့အတွက် ဦးစားပေးဆောင်ရွက်နေပြီး လက်နက်ရရှိနိုင်ရေးအတွက် အချိန်စောင့်ဆိုင်းရတာ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာတွေမှာ အခက်အခဲတွေရှိနေကြောင်းနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ အင်အားအတော်ကြီးများနေတဲ့အတွက် အားလုံးကို ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲတွေများစွာ ရှိနေကြောင်းသိရှိရပါတယ်။
“အထူးသဖြင့် ကျွန်တော်တို့ အညာဒေသတွေဘက်က လက်နက် လိုအပ်ချက်များတယ်ဆိုပြီး ပြောနေတာတွေနဲ့ပက်သက်ပြီး အထူးအလေးထားပြီးဆောင်ရွက်နေပါတယ်။ ရှိနေတဲ့အခက်အခဲတွေ ရယ်၊ ဘယ်လိုကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာတွေကိုလည်း အတတ်နိုင်ဆုံး တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပြောကြားပီးတော့ အတူတကွ ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူတွေ၊ PDF တွေ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အခြားတော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ပူးပေါင်းပြီးတော့ အတွဲညီညီနဲ့ ဖြေရှင်းသွားမှာပါ။ တော်လှန်ရေးကာလဆိုတော့လဲ အခက်အခဲတွေရှိတာကတော့ ထုံးစံပဲဖြစ်တယ်။ ဒါတွေကိုလည်း ကျော်ြဖတ်ပီးတော့ အောင်ပွဲရတဲ့အထိ ကြိုးစားသွားမှာဖြစ်ပါတယ်” လို့ MOD အတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။
Pale Jokers PDF အနေနဲ့ ပုလဲနယ်အခြေစိုက်ဖြစ်တဲ့အတွက် ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီတပ်ဒေါက်တိုင်တွေ ပြုတ်ကျစေရန်အတွက် တိုက်ပွဲတွေဖော်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
သတင်း − မေမီမင်းညို
Photo – Pale Jokers PDF