မတ်လ (၉) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ passport ရုံးတွေကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီးဖြစ်သော်လည်း ပွဲစားတွေက ငွေကြေးအဆမတန် တောင်းခံတာတွေကို ပြုလုပ်နေပြီး MOU နဲ့ ထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်မဲ့သူတွေကို ပွဲစားတွေက စာအုပ်မထုတ်ပေးဘဲ နေ့ညရွှေ့နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက Passport ရုံးတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ပိတ်ထားခဲ့တာဖြစ်ပြီး အခုလိုပြန်ဖွင့်တဲ့အချိန်မှာ ပွဲစားတွေက ငွေကြေးအဆမတန်ယူထားပြီး Passport တောင်းတဲ့အခါမှာတော့ ရုံးမဖွင့်သေးဘူးလို့ပြောကာ နေ့ရွှေ့ညရွှေ့လုပ်နေတယ်လို့ MOU လုပ်သားတစ်ဦးက အခုလိုပြောပါတယ်။
“ပိုက်ဆံက ၄ သိန်းခွဲပေးထားရတယ်၊ အဲ့ဒါ စလစ်ကရပြီး၊ စာအုပ်တောင်းတော့ ရုံးမဖွင့်သေးဘူးလို့ ပြောနေတယ်”လို့ Passport လုပ်သူတစ်ဦးက ပြောပါတယ်။
အခုချိန်မှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်သူတွေသောင်းနဲ့ချီရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပွဲစားတွေက ပိုက်ဆံတောင်းယူတာတွေ ပိုဆိုးလာတယ်လို့ သိရပါတယ်။
ဘားအံမြို့မှာလည်း ထိုင်းနိုင်ငံကို MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်ဖို့ Passport ရုံးတွေမှာ ပွဲစားတွေက ငွေကြေးအဆမတန်ကောက်ခံတာတွေရှိနေတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို MOU စနစ်နဲ့သွားရောက်လုပ်ကိုင်သူတွေကို ပွဲစားတွေက ပိုက်ဆံယူပြီး ပိုပေးနေသော်လည်း ထိုင်းနိုင်ငံကိုရောက်တဲ့ အခါမှာတော့ လုပ်ခလစာအပြည့်မရတာတွေ၊ အလုပ်မကြာခဏပြောင်းရွှေ့ခံရတာတွေကို ကြုံနေရတယ်လို့ ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်နေသူတွေထံက သိရပါတယ်။
သတင်း – ကိုဖြိုး
Photo – Cj