မတ်လ (၈) ရက်၊ ၂၀၂၃ ခုနှစ်
ယောဒေသမှာ မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သင်တန်း တပ်ရင်း (၁၂) (၁/၂၃) အပတ်စဉ် (၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ကျောင်းသားတပ်မတော်က ၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး ၈၈ မျိုးဆက်တွေကနေ ၂၀၂၁ မျိုးဆက်ကို ပုခုံးပြောင်းယူတာဖြစ်သလို မျိုးဆက်တခုနဲ့တစ်ခု လက်ဆင့်ကမ်းတာလဲဖြစ်ပါတယ်။ မိမိတို့ဒေသကို ကာကွယ်နိုင်ရုံနဲ့မပြီးဘဲ ရန်သူရဲ့အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ထိ ခြိမ်းခြောက်နိုင်မှသာ တော်လှန်ရေးကြီးပြီးပြီး စစ်အာဏာရှင်ချုပ်ငြိမ်းနိုင်မယ်လို့ ABSDF ရဲ့ တာ၀န်ရှိသူက သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“တော်လှန်ရေးလုပ်တယ်ဆိုတာက တိုက်ပွဲထဲသွားပြီးပစ်မှ တော်လှန်ရေးလုပ်တာမဟုတ်ဘူး။ တိုက်ပွဲထဲသွားမယ့်သူအတွက် အနောက်မှာထမင်းချက်ပေးနေတာလဲ တော်လှန်ရေးပဲ၊ စခန်းမှာ တံမျက်စည်းလှည်းတာကလဲ တော်လှန်ရေးပဲ၊ ရဲဘော်တို့အနေနဲ့ မိမိကိုယ်မိမိယုံကြည်ပါ ။ တော်လှန်ရေး ရဲဘော်အချင်းချင်းလေးစားပါ။ ပြည်သူ လူထုကိုလေးစားပါ” လို့ ပြောပါတယ်။
သင်တန်းအပတ်စဉ် (၃) အနေနဲ့ကတော့ အခက်အခဲတွေအများကြီးရှိနေကြောင်းနဲ့ အရပ်သားဘ၀ကနေ တော်လှန်ရေးတပ်သားဘ၀ကို ပြောင်းတဲ့အချိန်မှာ အရပ်သားစိတ်ဓာတ်ကို အရင်တော်လှန်ခဲ့ရတာပါလို့ သင်တန်းဆင်း ရဲဘော်တစ်ဦးက ပြောပါတယ်။
အာဏာရှင်က အရှုံးကိုလက်မခံပဲ ဇွတ်မိုက်နေသလို ပြည်သူကလဲ ဘယ်တော့မှအရှုံးမပေးတဲ့ပွဲ နောက်ဆုံးပွဲလဲဖြစ်သလို နောက်ဆုံးပွဲဖြစ်အောင်လဲ လုပ်ဆောင်ပြီး တော်လှန်ရေးကို ရတဲ့နည်းလမ်း အားလုံးနဲ့ တော်လှန်သွားမယ်လို့ CDM ကျောင်းဆရာမ ဒေါ်ဇာမဏီ က ပြောပါတယ်။
အဆိုပါသင်တန်းစတင်ချိန်က သင်တန်းသား (၅၀) နဲ့ စတင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသား ၃၁ ယောက်ကို သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ABSDF က မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီတပ်တွေကို စစ်ဒေသ ၁ စစ်ကြောင်း ၃ အနေနဲ့ PDF တွေနဲ့တွဲပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
သတင်း − မေမီမင်းညို
Photo – ABSDF