မတ်လ (၈) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာအဝင်၊ အာလောင် ၈ မျက်နှာဘုရားအတက်လမ်းမှာ ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား နောက်ပြန် လိမ့်ကျပြီး အမျိုးသား (၁) ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
မတ်လ ၇ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အာလောင်ကျေးရွာက ဥတ္တရဘောဓိကျောင်းတိုက်ကို မန္တလေးက ရေလာလှူတဲ့ နိဗ္ဗာန်သုခပရဟိတအသင်းက ရေသယ်ယာဥ် ဘုရားအတက်လမ်းမှာ နောက်ပြန်လိမ့်ကျခဲ့တာကြောင့် အသက် ၆၁ နှစ်အတွက် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ထုံးဘိုအရန်မီးသတ် ဒုတပ်ခွဲမှူးကပြောပါတယ်။
“ဘုန်းကြီးကျောင်းအတက်လမ်းကကြမ်းတော့ နောက်ပြန်လိမ့်ကျတာ။ သေတဲ့သူကတော့ အသက် ၆၁ နှစ်။ သူလဲ ပရဟိတသမားတစ်ယောက်ပဲ။ နွေရာသီဆို အမြဲလာလှူကြတာ” လို့ ဆိုပါတယ်။
ကားပေါ်မှာ ယာဥ်မောင်းအပါအဝင် ၄ ယောက်ပါရှိပြီး အခုလိုနောက်ပြန်လိမ့်ကျခဲ့တာကြောင့် အမျိုးသား ၁ ဦးသေးဆုံးကာ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့အလောင်းကိုတော့ မန္တလေးကနေအိမ်ကို ပိုဆောင်ပေးခဲ့ပြီး မတ်လ ၈ ရက်နေ့မှာ မီးသင်္ဂြိုလ်မှာလဲ ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
Photo – ထုံးဘိုအရေးပေါ်ကယ်ဆယ်ရေး