မတ်လ (၇) ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ၄ ကြိမ်မြောက် မီးရှို့ခဲ့တာကြောင့် ကျေးရွာကနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ပေါက်မြို့နယ်မြောက်ပိုင်း ကမ်းပါးဖြူကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ ပကစ ၂၄၊ တပ်မ ၁၀၁ က စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၁၅၀ ဝန်းကျင်ဟာ ကင်းမရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၄ လုံး မီးလောင်ခဲ့တာဖြစ်ပြီး ကမ်းပါးဖြူကျေးရွာကိုလဲ ထိုစစ်ကြောင်းကပဲ အင်အား ၈၀ ကျော်နဲ့ မတ်လ ၆ ရက်နေ့မှာ ထပ်မံမီးရှို့ ခဲ့တာကြောင့် နေအိမ် ၁၁ လုံးအပြင် ဆိုင်ကယ် ၅ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“တောင်ပိုင်းကနေ ပေါက်မြို့ထဲဝင်လာပြီး မြောက်ပိုင်းကရွာကိုမီးရှို့တာ။ ကင်းမရွာက မြန်မာတစ်နိုင်ငံလုံးမှာ ပထမဆုံး မီးရှို့ခံရတာ အခုနဲ့ဆို ၄ ကြိမ်ရှိပြီပေါ့။ ကမ်းပါးဖြူရွာကတော့ ပေါက်မြို့နဲ့နီးတယ် ၃ မိနစ်လောက်ပဲသွားရတာ အိမ် ခြေလဲနည်းတယ်။ ရွာသားတွေကတော့ နီးစပ်ရာတွေကို ပြေးနေရတာ်ပေါ့” လို့ Successful Force-Pauk မှ တာဝန်ရှိသူကပြောပါတယ်။
ကမ်းပါးဖြူကျေးရွာမှာ နေအိမ် ၁၆ လုံးသာရှိပြီး အခုလို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးလောင်ခဲ့တဲ့အပြင် ကျေးရွာကဒေသခံ ၅၀ ကျော် လဲဘေးလွတ်ရာကိုထွက် ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
ကင်းမရွာမှာ နေအိမ်ပေါင်း ၂၅၆ လုံးရှိပြီး စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ပထမအကြိမ်မှာ နေအိမ် ၁၅၃ လုံး၊ ဒုတိယအကြိမ်မှာ ဘုန်းကြီးကျောင်းက အလှူပစ္စည်းတွေ မီးရှို့ခံရပြီး၊ တတိယအကြိမ်မှာ နေအိမ် ၂၁ လုံး မီးလောင်ခဲ့တဲ့အပြင်၊ ယခုအချိန်မှာလဲ နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ တောထဲမှာ တဲထိုးပြီးနေနေကြရတာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
Photo – CJ