မတ်လ ၇ ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ဇွဲကပင်တောင်တက်ပွဲနဲ့ ဘုရားပွဲကျင်းပတဲ့အပေါ် ဘားအံမြို့ဒေသခံတွေဆီက ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။
ဇွဲကပင်တောင်တက်ပွဲကို တပေါင်းလပြည့်နေ့မှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလေ့ရှိသော်လည်း အခုချိန်မှာ ကရင်ပြည်နယ်က နေရာတစ်ချို့မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာကြောင့် အခုလို ပွဲကျင်းပတဲ့အပေါ် ဘားအံမြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ကရင်ပြည်နယ်ရဲ့ နေရာအနှံမှာ စစ်ပွဲတွေကဖြစ်နေတာ၊ အခုက ကရင်ပြည်နယ်ရဲ့ ပြရုပ်ဖြစ်တဲ့ ဇွဲကပင်တောင်မှာက ကြိတ်ကြိတ်တိုးပြီး ပွဲတွေဆင်နွှဲနေတော့ နည်းနည်းတော့ရီချင်တာပေါ့၊ အခုလိုပွဲလုပ်တာက အလုပ်ဟုတ်မနေဘူးလေ” လို့ ဘားအံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုချိန်မှာ ကရင်ပြည်နယ်ရဲ့မြို့တွေဖြစ်တဲ့ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ကြာအင်းဆိပ်ကြီးမြို့တွေနဲ့ မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပေါ်နေပြီး တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သူတွေရှိနေပြီး အခုလို ပွဲကျင်းပတာတွေမလုပ်သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။
“လူတွေသေနေတဲ့နေရာတွေရှိနေတယ်၊ တစ်ချို့ဆို အိမ်မှာမနေရဘူး၊ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းပြည်မှာ စစ်မဖြစ်နေသလိုဘဲ၊ သူတိုအစား တောထဲကညီအကိုတွေကို အားနာမိတယ်” လို့ သူက ဆက်ပြောပါတယ်။
အခုချိန်မှာ ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိက်ကြီးမြို့ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးနယ်မြေ (Martial) ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ကော့ကရိတ်မြို့ နဲ့ ကျုံဒိုးမြို့တွေမှာ ညတိုင်းနီးပါး လက်နက်ကြီးသံတွေကြားနေရပြီး ကြာအင်းဆိပ်ကြီးမြို့တစ်ဝိုက်က ကျေးရွာတစ်ချို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့လူတွေရှိနေသေးတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ဘားအံတက္ကသိုလ်မှာ CDM မပြုလုပ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေစုပေါင်းပြီး ကျောင်းသင်္ကြန်ပြုလုပ်ခဲ့တာကြောင့် CDM ကျောင်းသူကျောင်းသားတွေဆီကနေ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါသေးတယ်။
သတင်း – ကိုဖြိုး
Photo – CJ