မတ်လ (၇) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း ကလုံကျေးရွာကို ပျူစောထီးပူးပေါင်းစစ်ကြောင်း က ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် အစောပိုင်းမှာ ကျေးရွာမှ ပြည်သူပိုင် နေအိမ်တွေကို မီးစတင်ရှို့ နေတယ်လို့သိရပါတယ်။
ပျူစောထီးအင်အား ၁၀၀ ခန့် ရှိတဲ့ စစ်ကြောင်းဟာ မတ်လ ၆ ရက်နေ့က ရေဦးမြို့နယ်၊ အောင်သာယာ (ပျူစောထီး)ရွာမှ ခင်ဦးမြို့နယ်ဘက်ကို ပြောင်းရွှေ့စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကလုံကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တာလည်းဖြစ်ပါတယ်။
“ကလုံကျေးရွာမှာက အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ ပျူတွေ မီးရှို့လိုက်တာတော့ အိမ်ခြေအရေအတွက် ဘယ်လောက်မီးထဲပါသွားလဲဆိုတာနဲ့ ထိခိုက်မှုအခြေနေကို မသိရသေးဘူး” လို့ ခင်ဦးမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။
အဆိုပါစစ်ကြောင်း၀င်ရောက်လာမှုကြောင့် ကျေးရွာ (၇) ရွာခန့်မှ ဒေသခံစစ်ဘေးရှောင် ၈၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီကနေ့မနက်မှာလည်း သရက်ကုန်းကျေးရွာမှ အသက် (၉၀)ကျော်အရွယ် စစ်ဘေးရှောင်အဖွားတစ်ဦးလည်း အအေးမိပြီး သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးထံမှ သိရပါတယ်။
မတ်လ (၆) ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မုံလှကျေးရွာမှ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ်အမျိုးသား (၂) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရှိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ကိုယ်၀န်ဆောင်အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်များစွာ ပါ၀င်နေတာကြောင့် အခက်အခဲများစွာဖြစ်ပေါ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့အတွက် ကူညီလှူဒါန်းပေးကြဖို့ကိုလည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ မေတ္တာရပ်ခံထားပါတယ်။
သတင်း − မေမီမင်းညို
Photo – CJ