မတ်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေမှာ နေအိမ်ပေါ် ကျရောက်ထိမှပေါက်ကွဲမှာကို ထိပ်လန့်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်က KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ တစ်ဝိုက်ကို ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကြောက်လန့်နေကြရတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ည ၈ နာရီကျော်လောက်ဆို အသံတွေက ကြားနေရပြီး၊ အသံကြားရပြီးဆို အိမ်က မီးတွေပိတ်ပြီး အိပ်ကြတယ်၊ အခုက ညမထွက်ရအမိန့်လည်းထုတ်ထားတော့ ညဘက်တွေမှာက တစ်မြို့လုံး ခြောက်ကပ်နေရော၊ အလုံးကြီးပစ်ရင် မြို့နဲ့ကနီးတော့ မတော်တဆ အိမ်ပေါ်ကျလာမှာကို ကြောက်နေရတယ်၊ တိုက်ပွဲဖြစ်တဲ့နေ့ကလည်း တံတားဦးဘက်ကို ပစ်ထုတ်နေတာ” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကျုံဒိုးမြို့မှာလည်း ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ အိမ်ပေါ်ကျရောက်ပေါက်ကွဲမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ နေအိမ်မီးရှို့ခံရတာတွေ ရှိနေတာကြောင့် ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ဒေသခံစစ်ဘေးရှောင်တစ်ချို့သာ နေရပ်ကို ပြန်လည်နေကြရတာဖြစ်ပြီး လက်ရှိမှာ ကော့ကရိတ်မြို့ကို စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားတာကြောင့် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
Photo – CJ