မတ်လ (၆) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ်က အောက်တဲရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး (၄၀) မီးလောင်ပျက်စီးခဲ့တဲ့အပြင် ပင့်သာ (တည်ပင်)ရွာလဲ ၄ ကြိမ်မြောက် မီးရှို့ခံခဲ့ရတယ်လို့သိရပါတယ်။
မတ်လ ၄ ရက်နေ့ မနက် ၆ နာရီဝန်းကျင်ချိန်လောက်မှာ ကိုးတောင်ဘို့ အထိုင်ခြေမြန်တပ်ရင်း- ၁၃၇ (ပူတာအိုခရိုင်၊ မချမ်းဘော့)က အင်းအား ၆၀ ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အောက်တဲရွာကနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၄၁ လုံးရှိတဲ့အောက်တဲရွာက အိမ်ခြေအလုံး ၄၀ ပျက်စီးခဲ့ပြီး၊ မနက် ၈ နာရီဝန်းကျင်အချိန်မှာလဲ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၁၅၀ ရှိတဲ့စစ်ကြောင်းဟာ ရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်တွေကို ၄ ကြိမ်မြောက် မီးရှို့ခဲ့တာလဲဖြစ်ပါတယ်။
“ပင့်သာ(တည်ပင်)ရွာမှာကတော့ အိမ်ပေါင်း ၆၀၀ ကျော်လောက်ရှိတယ်။ အခုရွာထဲမှာလဲ တစ်ယောက်မှ မရှိကြတော့ဘူး၊ စစ်ကြောင်းလာတော့ထွက်ပြေးကြရတယ်၊ အခုဆို တိုက်နယ်ပေါင်း ၃ ခုက ဒေသခံ သုံးသောင်းကျော်လောက်ထွက်ပြေးနေရတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ ကန့်ဘလူခရိုင်အတွင်းကျေးရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေပြုလုပ်နေသလို ဒေသခံပြည်သူတွေရဲ့ လယ်ယာသုံးတိရိစ္ဆာန်တွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ်လ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ ပင့်သာ (တည်ပင်)ရွာက နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၃၅ လုံးထဲက နေအိမ် ၉၉ လုံး မီးလောင်ပျက်ဆီးခဲ့ပါတယ်။
သတင်း – နော်ဖူးဖူး
Photo – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့