မတ်လ (၃) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး မြဝတီကော့ကရိတ်အာရှလမ်းမှာ မတ်လ ၂ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဒီကနေ့ မတ်လ ၃ ရက်နေ့မနက်ပိုင်းထိ ကော့ကရိတ်မြို့အနီးတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ အိမ်ပြင်မထွက်ရဲပဲ နေ့စဥ်စားဝတ်နေရေးတွေ အခက်ခဲကြုံနေရတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“မနေ့ညနေကတည်းကဖြစ်နေတာ အခု ၉၇ တပ်ရင်းထဲက တံတားဦးဘက်ကို အလုံးကြီးနဲ့ရမ်းထုနေတယ်၊ အပြင်လည်းမထွက်ရဲသေးဘူး။ အာရှလမ်းမကို မနေ့ကပိတ်ထားတယ် ဒီနေ့တော့မသိဘူး။ စားစရာရှိတာလဲအိမ်မှာရှိတာပဲစားနေရတယ် အပြင်မထွက်ရဲဘူး” လို့ ကော့ကရိတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ အိမ်ပြင်မထွက်ရဲပဲ အခုလို အခက်အခဲနဲ့ရင်ဆိုင်နေရတာလဲဖြစ်ပါတယ်။
နော်ဖူးဖူး