မတ်လ (၂) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး မြဝတီ-ကော့ကရိတ် အာရှလမ်းဘက်မှာ ဒီကနေ့ မတ်လ ၂ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
အာရှလမ်းမမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကားလမ်းပိတ်တာတွေဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အပြင်မထွက်ဘဲပုန်းနေကြရတယ်လို့ ကော့ကရိတ် ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“လက်နက်ကြီးသံတွေလည်းကြားနေရတယ်၊ အံဖကြီးဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်နေတယ်၊ ကားသွားလာတာတွေလည်းရပ်နေတယ်၊ အပြင်မထွက်ရဲဘူး၊ လက်နက်ကြီးသံက အဆက်မပြတ်ဘဲ၊ ရှေ့တစ်ခေါက်ကတိုက်ပွဲဖြစ်ပြီးထဲက ငြိမ်နေတာ၊ စစ်ဘေးရှောင်တွေတောင် အကုန်လုံးအိမ်ပြန် မရောက်သေးဘူး၊ အခုက ချနေကြပြန်ပြီး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကိုပစ်ခတ်တာတွေ လေယာဉ်နဲ့ဗုံးကြဲတာတွေကို မကြာခဏပြုလုပ်လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေမှာ ဒဏ်ရာရတာတွေ၊ လက်နက်ကြီးစထိမှန်ပြီး သေဆုံးတာတွေရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်ထားပြီး နောက်ပိုင်း အကြောင်းမဲ့စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ကိုဖြိုး
Photo – CJ
