မတ်လ (၂) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းမှာ ဇန်နဝါရီလက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ဂိတ်ချပြီး စစ်ဆေးတာတွေ ပိုက်ဆံတောင်းခံတာတွေကိုပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘုရားသုံးဆူ – ကြာအင်းဆိပ်ကြီးလမ်းမှာ အသွားအလာနည်းပါးနေပြီး စစ်ကောင်စီတပ်က ဂိတ်ချပြီး ပိုက်ဆံတောင်းခံတာတွေကိုပြုလုပ်နေတာကြောင့် ကားသမားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကားသမားတစ်ဦးက အခုလို့ပြောပါတယ်။
“အဲ့ဒီလမ်းက အစစ်အဆေးတွေရှိတယ်၊ သုံးဆူကနေ ကြာအင်းကိုသွားရင် လမ်းမှာ ဂိတ်တွေချပြီးတော့ ပိုက်ဆံတွေတောင်းနေကြတာ၊ ဂိတ်က ၄ ခု လောက်ရှိတယ်၊ အနည်းဆုံး အဲ့လမ်းကသွားရင် ၂ သောင်း လောက်ကုန်တယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ အခုလို ဂိတ်ချပြီး ပိုက်ဆံကောက်ခံတာတွေကို ပြုလုပ်နေတာြဖစ်ပြီး ကြာအင်းဆိပ်ကြီးမြို့ထဲမှာလည်း စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားပြီး ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
အခုလို ဂိတ်ချစစ်ဆေးတာတွေပြုလုပ်နေတာကြောင့် ကြာအင်းဆိပ်ကြီးမြို့ကို ကုန်ကား အဝင်နည်းပါးနေပြီး ကုန်ပစ္စည်းတွေဈေးတက်နေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်နေရသူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ကိုဖြိုး
Photo – CJ
